နေပြည်တော် ဇန်နဝါရီ ၁၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီး ဌာနတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမ၌ ကျင်းပ လျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှု ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှု၊ ဝဏ္ဏသိဒ္ဓိအား ကစားရုံ(B)၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများ ကိုသွားရောက်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် (အမျိုးသား/အမျိုးသမီး)ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ (ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ်) အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(၉)ရက်မှ (၁၈)ရက်အထိ အားကစားနည်း(၅)နည်းဖြင့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံများ၌လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဇန်နဝါရီ (၈)ရက်မှ (၁၂)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ လည်းကောင်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်