ဇန်နဝါရီ ၁၂
အင်ဒိုနီးရှားနိုင်ငံ East Nusa Tenggara ပြည်နယ်ရှိ လီဝိုတိုဘီမီးတောင်သက်ဝင်လှုပ်ရှားမှုမြင့်တက်လာခြင်းကြောင်း လူပေါင်း ၅၄၆၄ ဦး ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း အမျိုးသားသဘာဝဘေးလျော့ပါးရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။
အဆိုပါဘေးလွတ်ရာသို့ပြောင်းရွှေ့ရသူများတွင် အသက်အရွယ်ကြီးသူ ၅၇၅ ဦး၊ ကလေးငယ် ၃၁၂ ဦး၊ လမ်းလျှောက်ခါစအရွယ်ကလေးငယ် ၇၆ ဦး၊ နို့တိုက်မိခင် ၁၁၈ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၃ ဦးနှင့် မသန်စွမ်းသူ ၁၂ ဦးတို့ပါဝင်ကြောင်း ထိုအေဂျင်စီ၏ပြောရေးဆိုခွင့်ရှိသူ အဘဒူလ်မူဟာအီက ပြောကြားသည်။
ဘေးလွတ်ရာသို့ပြောင်းရွှေ့ရသူများ၏ စားနပ်ရိက္ခာလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် စစ်ဘက်နှင့် ရဲဘက်ဆိုင်ရာတပ်ဖွဲ့တို့က အများပြည်သူဆိုင်ရာရိက္ခာပေးဝေသည့်နေရာများဖွင့်လှစ်ထားရှိသည်။
လီဝိုတိုဘီမီးတောင် သက်ဝင်လှုပ်ရှားမှုများသည် ဇန်နဝါရီ ၁ ရက်မှစတင်မြင့်တက်လာခဲ့ရာ အာဏာပိုင်များက ဇန်နဝါရီ ၁၄ ရက်အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာသတိပေးချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
မီးတောင်ပေါက်ကွဲမှုဖြစ်ပွားသည့် ဇန်နဝါရီ ၉ ရက်နောက်ပိုင်းတွင် မီးတောင်ပေါက်ကွဲမှု တတိယအဆင့်မှ အန္တရာယ်ရှိအဆင့် အမြင့်ဆုံးအဆင့်လေးအထိ မြင့်တက်လာပြီး မီးတောင်ပြာမှုန်များ မီတာ ၁၅၀၀ အမြင့်အထိ ပန်းထွက်ခဲ့သည်။
ပြည်သူများအနေဖြင့် ထိုတောင်ထိပ်မှ ၄ ကီလိုမီတာအကွာအတွင်း အန္တရာယ်ရှိသောဇုန်များအတွင်းသို့ဝင်ရောက်ခြင်းမပြုရန် အာဏာပိုင်များက ပြောကြားထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို