ဇန်နဝါရီ ၁၂

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့က ပြင်းအား ၆ ဒသမ ၄ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရသေဆုံးမှုများမသိရှိရသေးကြောင်း ဖော်ပြထားသည်။

အဆိုပါငလျင်လှုပ်ခတ်မှုသည် ဒေသစံတော်ချိန် ၁ နာရီ ၅၇ မိနစ်က နိုင်ငံမြောက်ပိုင်း ဘာဒက်ရှ်ရှန်ပြည်နယ် ဂျမ်ခရိုင်တွင် ငလျင်ဗဟိုချက် မြေအနက် ၂၀၆ ဒသမ ၆ ကီလိုမီတာ၊ မြောက်လတ္တီကျု့ ၃၆ ဒသမ  ၅၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု့ ၇၀ ဒသမ ၆၀ ဒီဂရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဘာဒက်ရှ်ရှန်ပြည်နယ်အနီးနားရှိ တာခါ၊ ကွန်ဒက်၊ ဘာခ်ရှ်၊ ဘက်လန်နှင့် ဆာမန်ဂန်ပြည်နယ်များနှင့် အရှေ့ဘက် လာရှ်မန်နှင့်  နန်ဂါဟာပြည်နယ်တို့တွင် ယင်းငလျင်ဘေးသင့်ခဲ့သည်။

ထိုငလျင်ဒဏ်ခံရသော အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကဘူးလ်ရှိ ဒေသခံများသည် ငလျင်လှုပ်ခတ်မှုကြောင့် ၎င်းတို့၏နေအိမ်များ၊ တိုက်ခန်းများပြိုကျမှုဖြစ်ပွားနိုင်သဖြင့် လမ်းမများပေါ်သို့ အပြေးအလွှားထွက်ပြေးခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက် ခီဘာပါ့ထန်ဝါပြည်နယ်၏နေရာအများအပြား၊ အရှေ့ဘက် ပန်ဂျပ်ပြည်နယ်နှင့် မြို့တော်အစ္စလာမာဘတ်တို့တွင် ပြင်းအား ၆ ဒသမ သုညပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို