နေပြည်တော် ဇန်နဝါရီ ၁၂       

 

ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်းတို့၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရန်ကုန်)နှင့် Htoo Group of Company မှ တာဝန်ရှိသူများ၊ ကန်တော်ကြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြ သည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံမှ လုပ်သားများကို ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ ကျွမ်းကျင်မှု စံနှုန်းများနှင့် ASEAN Mutual Recognition Arrangement for Tourism Professional (MRA-TP) လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧည့်လမ်းညွှန်သင်တန်းများ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းများ၊ ဟိုတယ်ဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးသင်တန်းများ၊ ဘာသာစကား သင်တန်းများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ သင်တန်းများ၊ အသိပညာပေး ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေး လျက်ရှိကြောင်း။

 

ကန်တော်ကြီးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်းကဲ့သို့ အစဉ်အလာကောင်းမွန်သော သင်တန်းကျောင်းများအနေဖြင့် ဝန်ကြီးဌာနနှင့် ပိုမိုပူးပေါင်းပြီး ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းရှိ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ဆောင်မှု ကောင်းမွန်ရေး၊ အရည်အသွေး ပြည့်ဝသော ဝန်ထမ်းကောင်းများ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း ကျွမ်းကျင်မှုစံနှုန်းများနှင့်အညီ လိုက်နာသင်ကြားရေးကို ဆောင် ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဟိုတယ်လုပ်ငန်းရှင်များ အသင်း(ရန်ကုန်) ဥက္ကဋ္ဌတို့က သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့ပြီး ဆုရရှိကြသော သင်တန်းသား/သင်တန်းသူများကို ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးခွဲ၊ စန္ဒကူးလမ်းရှိ မော်တော်ယာဉ်ဌာန စိတ်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းများ၊ ဆူးလေမီးသတ်အနီးရှိ မြန်မာ့ ခရီးသွားဘဏ်၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ လွယ်ကူစွာသိရှိနိုင်ရန် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာနှင့် ယခင် ဧည့်လမ်းညွှန်သင်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပန်းဘဲတန်းမြို့နယ်ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန(CTD) သင်တန်းကျောင်းသို့ သွားရောက်ပြီး အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)