တောင်ကြီးမြို့     ဇန်နဝါရီ     ၁၂

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့ သာသနာ့ဗိမ္မာန်ရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။

 

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့သော Smart အထည်ချုပ်စက်ရုံမှ ထုတ်လုပ်သည့် ကျား/ မအင်္ကျီများ၊ ကိုယ်တိုက်ဆပ်ပြာများ၊ အသက် ၇၀ နှစ်နှင့် အထက်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၅ နှစ် အောက်ကလေးများအား လူမှုရေးအထောက်အပံ့အဖြစ် ထောက်ပံ့ငွေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥတို့ကို လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက် ထောက်ပံ့ပေး အပ်ကြပြီး ယာယီတိုက်ပွဲရှောင်ပြည်သူများထဲမှ အငြိမ်းစားဝန်ထမ်းများ အငြိမ်းစားလစာ ထုတ်ယူနိုင်ရေး၊ ဆေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်များ၊ စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ပညာသင်ကြားရေး၊ ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်နိုင်ရေး တို့အတွက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အတူ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ဟိုပုံးမြို့ လုမ္မနီ ဘုန်းတော်ကြီးကျောင်းနှင့် တောင်ကြီးမြို့ တောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ပြီး ဆရာတော် သံဃာတော်များအား ဖူးမြော်ကန်တော့ကာ ယာယီတိုက်ပွဲရှောင်ပြည်သူများအား အဝတ် အထည်၊ ကိုယ်တိုက်ဆပ်ပြာ၊ ကာကွယ်စောင့် ရှောက်ပေးရန်လိုအပ်သူများအတွက် လူမှုရေးအထောက် အပံ့ငွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဉတို့ကို လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက် ပေးအပ်ထောက်ပံ့ပြီး ယာယီတိုက်ပွဲ ရှောင်ပြည်သူများကို နွေးထွေးရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် တောင်ကြီးမြို့၊ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့သွားရောက်၍ အဝတ်အထည်၊ ဆပ်ပြာ၊ ထောက်ပံ့ငွေ၊ စားနပ်ရိက္ခာများကိုထောက်ပံ့ပြီး ယာယီတိုက်ပွဲရှောင် ပြည်သူများကို အားပေးစကားများ ပြောကြား ကြသည်။

 

ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုများအနေဖြင့် ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်များမှ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၂၉၆၆ စုရှိ လူဦးရေ ၁၁၄၅၀ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အဝတ်အထည်နှင့် ဆပ်ပြာတန်ဖိုးငွေကျပ် သိန်း ၁၅၀၀ ခန့်၊ လူမှုရေး ထောက်ပံ့ငွေ လူဦးရေ ၁၂၆၁ ဦးအတွက် ငွေကျပ် ၃၇၈ သိန်းကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ ခေါက်ဆွဲ ခြောက်၊ ကြက်ဥ စသည့် စားနပ်ရိက္ခာထောက်ပံ့မှု ငွေကျပ် ၈၈၁ သိန်းကျော်တို့ကို ထောက်ပံ့ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ထောက်ပံ့မှု စုစုပေါင်း ငွေကျပ် ၂၇၅၉ သိန်း ဖြစ်သည်။

 

တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နယ်၊ ရွှေညောင်မြို့နယ်၊ ကျောက်တစ်လုံး ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၃၂၅ စုမှ လူဦးရေ ၅၀၇၃ ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အဝတ်အထည်နှင့် ဆပ်ပြာ တန်ဖိုးငွေကျပ် ၆၆၄ ဒသမ ၅ သိန်းခန့်၊ လူမှုရေးထောက်ပံ့ငွေမှာ လူဦးရေ ၅၅၄ ဦးအတွက် ငွေကျပ် ၁၆၆ ဒသမ ၂ သိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားနပ်ရိက္ခာထောက်ပံ့မှု ငွေကျပ် ၃၉၃ သိန်းကျော်တို့ကို ထောက်ပံ့ခဲ့ရာ တောင်ကြီးခရိုင်အတွက် ထောက်ပံ့မှုစုစုပေါင်းငွေကျပ် ၁၂၂၃ ဒသမ ၇ သိန်း ဖြစ်သည့်အတွက် ယနေ့ ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၃၉၈၃ သိန်းခန့်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)