နေပြည်တော် ဇန်နဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မော်လမြိုင်တက္ကသိုလ် သို့ရောက်ရှိပြီး စာသင်ခန်း များ၌ အေးချမ်းစွာ ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် တွေ့ဆုံပြီး သုတေသနလုပ်ငန်းသည် တက္ကသိုလ်၏ အသက် သွေးကြောဖြစ်၍ မိမိတို့၏ သင်ကြားရေးတာဝန်များသာမက မိမိတို့တက္ကသိုလ် သုတေသနကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ အကျိုးပြုမည့် သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင် ရွက်စေလိုကြောင်း၊ သင်ကြားရေးတာဝန်များ ဆောင်ရွက်ကြရာတွင် အမှန်တကယ် ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် စေတနာအပြည့်ထား၍ သင်ကြားပေး စေလိုကြောင်း၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘာသာရပ်ဆိုင်ရာ အသိပညာ အတတ်ပညာ အတွေးအခေါ် အယူအဆ အမှန်တကယ် တတ်သိနားလည်အောင် ကြိုးပမ်းသင်ကြားပေးစေလိုကြောင်း မှာကြားကာ တက္ကသိုလ်၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်၏ လိုအပ်ချက်များကို ပညာရေးဝန်ကြီး ဌာနနှင့် ပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ မြို့ပေါ်ရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပြီး သင်ကြားသင်ယူမှု ကိစ္စရပ်များ၊ စီမံကိစ္စရပ်များအတွက် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင် ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိ ပြီး ကျောင်းအုပ်ကြီး၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ နှင့် တွေ့ဆုံကာ သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုအချိန်တွင် ဆရာဖြစ်သင်တန်း တက်ရောက်နေသည့်အတွက် သင်တန်းသား ဖြစ်သော်လည်း နောင်တွင် ဆရာဆရာမများအဖြစ် တာဝန်ထမ်းဆောင် ကြရမည့်သူများဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုကတည်းက မိမိတို့ ကိုယ်တိုင် ထူးချွန်သူများဖြစ်အောင်၊ ဘာသာရပ်ဆိုင်ရာများတွင် အမှန်တကယ် တတ်ကျွမ်းသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)