ရန်ကုန် ဇန်နဝါရီ ၁၂

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေး တက္ကသိုလ်ပညာရေးဘွဲ့ ပထမနှစ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် သစ်လွင်ကျောင်းသား၊ ကျောင်းသူများ ကြိုဆိုပွဲအခမ်းအနားကို ရန်ကုန်ပညာ ရေးတက္ကသိုလ်၊ Learning Hub ခန်းမ၌ ယနေ့နံနက်(၉)နာရီတွင် ကျင်းပသည်။

 

အဆိုပါ အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒု-ပါမောက္ခ ချုပ်များ၊ စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာန ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊   ပါမောက္ခများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများနှင့် သစ်လွင် ကျောင်းသား၊ ကျောင်းသူ(၄၅၁)ဦး တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် စတုတ္ထနှစ်(ပထမနှစ်ဝက်)မှ ကျောင်းသား၊ ကျောင်းသူ များက ရန်ကုန်ပညာရေးတက္ကသိုလ်၏ ကျောင်းသီချင်းဖြစ်သော “အမိဝမ်းမြောက်ပါစေ” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်သည်။

 

အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကေသွယ်လှိုင်က ရန်ကုန် ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးရခြင်းဖြင့် ဆရာအတတ်ပညာများနှင့် အဓိကဘာသာရပ်ကြီးများ ပူးပေါင်းထားသော ခေတ်မီသင်ရိုးများကို သင်ယူရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ခေတ်မီပေါင်းစပ် ပညာရေးကို သင်ယူနိုင်ခြင်းအားဖြင့် မဝေးသောအနာဂါတ်တွင် သင်ကြား၊ သင်ယူမှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည့် အရည်အသွေးရှိသော ဆရာ၊ ဆရာမများ အမှန်တကယ်ဖြစ်လာတော့မည် ဖြစ်ပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ထို့နောက် ဒု-ပါမောက္ခချုပ်များက သစ်လွင်ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုနှုတ်ခွန်းဆက် စကားနှင့်ဆုံးမစကားများ အသီးသီးပြောကြားကြပြီး ဌာနမှူး(သင်တန်းရေးရာ)က သင်တန်းရေးရာ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍  မော်ကွန်းထိန်းက ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ သင်တန်း ရေးရာ၊ စာပေးစာယူဌာနတို့မှ ဌာနမှူးများ၊ အဆောင်မှူးများနှင့် မိတ်ဆက်ပေးကာ ပညာရေးဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ ဝိဇ္ဇာဘာသာရပ်တို့မှ ပါမောက္ခ (ဌာနမှူး) များက ဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

 

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)