နေပြည်တော် ဇန်နဝါရီ ၁၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ကြည့်ရှုစစ်ဆေးရာ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်(မအူပင်) သို့ရောက်ရှိကာ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်သည့်အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာများကို မွေးထုတ်ပေးခြင်းဖြင့် လူမှုအသိုင်းအဝန်းတွင် နည်းပညာကဏ္ဍဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ ခန်းများ၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာအချက်အလက်များ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်း ပြည့်ဝမှုရှိစေရန် လေ့ကျင့်သင်ကြားပေးရန် လိုအပ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကလည်း ကြိုးစားလေ့လာသင်ယူကြရန်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ရန် ပညာရေး နယ်ပယ်ကဏ္ဍ အသီးသီးတွင် မျက်ခြေမပြတ် အစဉ်လေ့လာ ကြိုးစားအားထုတ်ကြရန် လိုအပ်ပါ ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိဒေသတွင်းမှ လိုအပ်ချက်များပေါ်မူတည်၍ သုတေသန လုပ်ငန်းများကိုလုပ်ဆောင်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့လုပ်ငန်း များကို ဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သည့် လက်တွေ့ပစ္စည်းများကို စီမံချက်များရေးဆွဲပြီး ဖြည့်ဆည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လက်တွေ့ခန်းများအား သင်ရိုးညွှန်းတမ်းနှင့်အညီ ဖြည့်ဆည်း၍ ကျောင်းသားကျောင်းသူများကို စနစ်တကျလေ့ကျင့်ပေးရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေမှုရှိစေရေး ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လက်တွေ့ခန်းများ၊ ကွန်ပျူတာ ခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ လှည့်လည်ကြည့်ရှု စစ်ဆေးကာ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်