ရန်ကုန် ဇန်နဝါရီ ၁၄

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး ရွှေတိဂုံ စေတီတော်တောင်ဘက်မုခ်၊ ဗောဓိညောင်ပင်ရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီး ဆပ်ကပ် လှူဒါန်းသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရေရှည် တည်တံ့ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားစေလိုကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် ဘေးအန္တရာယ်ကင်းစွာ ဖူးမြော်ကြည်ညိုနိုင်ရေး အလေးထား ဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။

 

ဆက်လက်၍ အလှည့်ကျသဘာပတိ ဦးမင်းလွင်က နောင်တော်ကြီးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဂေါပကအဖွဲ့ဝင် ဦးလှမြင့်က နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ Pagoda Digital Directory စနစ်တွင် ရွှေတိဂုံစေတီတော်၏ ရှေးယခင်ပုံရိပ်များနှင့် ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာမှုပုံရိပ်များကို ထည့်သွင်းဆောင်ရွက် ထားရှိမှုနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ဂေါပကအဖွဲ့ဝင်များက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညို၍ ရင်ပြင်တော်နေပူခံကျောက်ပြား အရောင်တင်ခြင်းလုပ်ငန်း ဆီမီးခုံပတ်လည်ဧရိယာ ၄၉၃ ကျင်းကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု၊ ဇရပ်တန်ဆောင်းများရှေ့ ဧရိယာ ၉၇၅ ကျင်းနှင့် ဇရပ်၊ တန်ဆောင်းများနောက်ဘက် ဧရိယာ ၁၀၂၈ ကျင်းကို ဆက်လက် ဆောင်ရွက် သွားမည့် အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်တော်ကြီးစေတီတော်နှင့် အရံစေတီတော်များကို လုံးတော်ပြည့် ရွှေသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေး၍ ဂေါပကအဖွဲနှင့်တာဝန်ရှိသူများကို လိုအပ်သည်များ ဖြည့်စွက်မှာကြားကြောင်း သိရသည်။

(သတင်းစဉ်)