တောင်ကြီး၊ ဇန်နဝါရီ ၁၄
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက် လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများ ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်၊ ပင်မအဆောက်အဦ ထပ်တိုးလုပ်ငန်းများနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်ကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်း များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးသမိုင်း နောက်ခံအချက် အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများရယူနိုင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော် ငြိမ်းချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆) ချက်နှင့် နိုင်ငံဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင် အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွှတ်စွာ အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း မှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသားရေးရာဆိုင်ရာ ဆောင်ရွက်ထားမှုများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဝန်ထမ်းများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည် ဆွေးနွေးပေါင်းစပ်ဆောင်ရွက်ပေးပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးထံ တောင်ကြီးတက္ကသိုလ်နှင့် တောင်ကြီး ပညာရေးကောလိပ်တွင် ထားရှိနိုင်ရန်အတွက် ရခိုင်သမိုင်း ဆိုင်ရာစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


