ဇလွန် ဇန်နဝါရီ ၁၅

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  ပြင်ပကျန်းမာရေးဌာနတွင် စောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။

 

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ဆောင်ရွက်ပေးရာတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ဆေးမှတ်တမ်းစာအုပ်များ ပြုလုပ်ပေးကာ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတိုးရှိ/မရှိနှင့် သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးကြပြီး ဆရာဝန်များက ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

ထိုသို့ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက အာဟာရဒါနအဖြစ် ပင်စင်စားတစ်ဦးလျှင် ကြက်ဥ (၅)လုံးစီဖြင့် ပင်စင်စား (၅၀)အား  ထောက်ပံ့အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ နိုင်ငံဝန်ထမ်း ပင်စင်စားများအား (အပတ်စဉ်) အင်္ဂါနေ့နှင့် သောကြာနေ့များတွင်  မြို့နယ်ပြည်သူ့ဆေးရုံ၊ ဘက်ရဲတိုက်နယ်ဆေးရုံနှင့် ဆိပ်သာတိုက်နယ်ဆေးရုံများတွင် ဆေးဝါးများကုသ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အငြိမ်းစား ပင်စင်လစာငွေ ထုတ်ရက်ဖြစ်သော လစဉ် ၂၁ ရက်တွင် မြို့နယ်ပြည်သူ့ဆေးရုံ ပြင်ပဆေးကုသရေးဌာနတွင် ဆေးဝါးများအခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။

 

မြို့နယ်(ပြန်/ဆက်)