ဇန်နဝါရီ ၁၅

တန်ဇန်းနီးယားနိုင်ငံမြောက်ပိုင်း Simiyu ဒေသတွင် ဇန်နဝါရီ ၁၃ ရက်မနက်ပိုင်းက  ရွှေတွင်းပြိုကျမှုကြောင့် တွင်းလုပ်သား ၂၂ ဦး သေဆုံးခဲ့သဖြင့် အာဏာပိုင်များက ယင်းရွှေတွင်းကို ဇန်နဝါရီ ၁၄ ရက်က ပိတ်ထားခဲ့သည်ဟု သိရသည်။ သတ္တုတွင်းဆိုင်ရာကျွမ်းကျင်ပညာရှင်များက ထိုတွင်းပြန်လည်ပြုလုပ်ခွင့်မပြုမီ အသေးစိတ်စစ်ဆေး ကြည့်ရှုလုပ်ဆောင်မည်ဖြစ်သဖြင့် ရွှေတွင်းကိုဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးက ပြောကြားသည်။

တန်ဇန်းနီးယားနိုင်ငံ သမ္မတ Samia Suluhu Hassanက သတ္တုတွင်းလုပ်သား ၂၂ ဦး သေဆုံးခဲ့ပြီးနောက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်ဟု ၎င်းကဆိုသည်။

ဒေသစံတော်ချိန် နံနက် ၅ နာရီက အဆိုပါရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၂၂ ဦး ရှိလာကြောင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ထိုတွင်းပြိုကျခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသရှိတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းရွှေတွင်းတွင် ရှင်းလင်းလုပ်ဆောင်ပြီးကြောင်း အတည်ပြုပြီးနောက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဇန်နဝါရီ ၁၃ ရက်ညပိုင်းက ရပ်နားခဲ့သည်ဟု  ဒေသရဲတပ်ဖွဲ့အကြီးအကဲကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို