နေပြည်တော်၊ ဇန်နဝါရီ ၁၅
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၃) မှ ကမ္ဘောဇသာဒီနန်းတော် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ကမ္ဘောဇသာဒီ နန်းတော်အတွင်း အမိုး ၊ မျက်နှာကျက်၊ တိုင်၊ ကြမ်းခင်း ပျက်စီးနေမှုများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေတို့ကို လိုက်လံကြည့်ရှစစ်ဆေးပြီး တာဝန်ရှိသူများကို လုပ်ငန်း လိုအပ်ချက်များမှာကြားသည်။
ပဲခူးမြို့၊ ကမ္ဘောဇသာဒီ နန်းတော်သည် မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ဘုရင့်နောင် မင်းတရားကြီး၏ နန်းတော်နေရာ၌ မြေနန်းပြဿဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင် နှင့် စနုဆောင်တို့ကို ရှေးမူလက်ရာမပျက် ပုံစံတူ တည်ဆောက်ထားသော အဆောက်အဦဖြစ်ပြီး နှစ်ကာလ ကြာမြင့်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများကို ရှေးမူလက်ရာမပျက်စေဘဲ ပြုပြင်ဆောင်ရွက်ခြင်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူး - သနပ်ပင် - ခရမ်း - သန်လျင်လမ်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၉)မှ တာဝန်ယူတည်ဆောက်နေသည့် အရှည်ပေ (၂၄၀) သနပ်ပင်မြို့တွင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက တံတားတည်ဆောက်ရေးလုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လုပ်ငန်းခွင်အတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပဲခူးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၊ ၃၂/၆ နှင့် ၃၂/၇ ကြား လသာကုန်း Under Pass သို့ ချိတ်ဆက်သည့် လမ်းအရှည် (၈) မိုင် (၁) ဖာလုံအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ မန္တလေးအမြန်လမ်း (ရန်ကုန် - နေပြည်တော် အပိုင်း) မိုင်တိုင် အမှတ် ၄၅ / ၂ နှင့် ၄၅ / ၃ ကြားရှိ မိုးတွင်းကာလ ရေတိုက်စား၍ ပျက်စီးသွားသော ကြတ်ချောင်း လက်တက်တံတားအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရန်ကုန် - မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်