နေပြည်တော်၊ ဇန်နဝါရီ ၁၅
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေကျပ် ဘီလီယံ ၅၀ ပြန်လည် ပေးဆပ်ပြီးစီးမှု အခြေအနေ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ်ဘီလီယံ ၁၅၀ မှ ငွေကျပ် ၁၀ ဘီလီယံ စုစုပေါင်း ငွေကျပ် ၆၀ ဘီလီယံကို ပြန်လည်ပေးဆပ်ပြီးစီးမှု အခြေအနေ၊ ချေးငွေအရင်း ပြန်လည်ကောက်ခံရေး လုပ်ငန်းစဉ်များကို တိုင်းဒေသကြီး/ ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ၊ ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက်ပြီးသည့် လုပ်ငန်းရှင်များမှ ချေးငွေပြန်လည် ပေးဆပ်မှုအခြေအနေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ လုပ်ငန်း ၈၇၉ ခု အနေဖြင့် အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ထားပြီးဖြစ်ပါကြောင်း၊ ချေးငွေ ကို ရည်ရွယ်ချက်အတိုင်း ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိပါက ချေးငွေ သက်တမ်း ၂ နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ပေးသွားမည့် အခြေအနေတို့ကို ဆွေးနွေးသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူ ထားသည့် ကုမ္ပဏီ/ လုပ်ငန်းများမှ အတိုးအရင်း ကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေ ကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများက ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည် ကောက်ခံရေး အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်