နေပြည်တော်၊ ဇန်နဝါရီ ၁၅

 

နိုင်ငံတော်က ဝယ်ယူထောက်ပံ့ထားသည့် ဆေးဝါးများကို လူနာများ အကျိုးရှိစေရေး ထိထိရောက်ရောက် အသုံးချရန်၊ အဓိက ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးရန်နှင့် ပြည်သူများအနေဖြင့် ဆေးကုသစရိတ်ကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မကုန်ဆုံးမီ ပြည်သူ့ဆေးရုံများရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်းများ စံကိုက်ဖွဲ့စည်းပုံဖြစ်စေရန် လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးလက်ကျန်းမာရေး ဌာန/ဌာနခွဲများ အပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဆောက်အဦများ ဥပဓိရုပ် ကောင်းမွန်စေရန် ယခုဘဏ္ဍာနှစ် မကုန်မီ အားဖြည့်ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူး သုံးစွဲမှုကို စနစ်တကျ ဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ရန်၊ အောက်ခြေအထိ အခြေအနေမှန်ကို သိရှိစေရန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် အထူးကု ဆေးကုသရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များမှလည်း မိမိတို့အစီအစဉ်ဖြင့် လစဉ်အလှည့်ကျ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ရန်လိုကြောင်း လည်းပြောကြားခဲ့သည်။

 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူး သုံးစွဲမှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် တိုင်းဒေသကြီး/ ပြည်နယ် ကုသရေး ဦးစီးဌာနမှူးများက၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်