ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တို့ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စုရှိ တောင်ခမောက်ကျေးရွာနှင့် မအူကွင်း ကျေးရွာတို့ကို ပြည်သူ့စစ်ဖွဲ့ရန် ငြင်းပယ်မှု၊ တပ်သားသစ် စုဆောင်းမပေးမှုတို့ကြောင့် ဇန်နဝါရီ ၁၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
သတင်းမှားများ ရေးသားဖြန့်ဝေ
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁၄ ရက်က ပေါင်းတည်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ၎င်းကျေးရွာများကို PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပြီး ပြည်သူများက အထင်အမြင်လွဲမှားစေရန် သတင်းမှားများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်သည်။
ထို့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တောကန်ကျေးရွာအား ယနေ့နံနက်ပိုင်းတွင် တပ်မတော်မှ မီးရှို့ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခု ဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့နယ် တောကန်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် AA သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး AA သောင်းကျန်းသူ အဖွဲ့များက ကျေးရွာရှိ လူနေအိမ်များအား မီးရှို့၍ ထွက်ပြေးသွားခဲ့ကြောင်းနှင့် လုံခြုံရေးအဖွဲ့များက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သော်လည်း လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
လက်နက်ကိုင်သောင်းကျန်းသူများသည် မြို့၊ ရွာများရှိ လူနေအိမ်အဆောက်အအုံများကို အကာအကွယ်ပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဖျက်ဆီးနေမှုများကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားကာ သွေးထိုးလှုံ့ဆော်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်