အားကစားဝါသနာရှင်တစ်ဦး

 

အိမ်ရှေ့ဥပစာမြေကွက်လပ်တစ်ခုတွင် သမီးငယ်နှစ်ဦး ကြက်တောင်ရိုက် ဆော့ကစားနေကြသည်။ ဟေမန္တရာသီ ဆောင်းနံနက်ခင်းက အေးမြမြချမ်းစိမ့်စိမ့်ရှိလှသော်လည်း သူတို့နှစ်ဦးအဖို့မူ ချွေးများပင် စို့လို့နေသည်။

 

ကြက်တောင်အားကစား ဆိုသည်မှာလည်း လက်မှခြေထောက်တိုင် တစ်ကိုယ်လုံးလှုပ်ရှား ပြေးလွှားရသောကြောင့် သွေးလေလှုပ်ရှားချွေးထွက်များပြီး ဣရိယာပုတ် မျှတသော ကစားနည်းတစ်ခု ဖြစ်သည်။ ကြက်တောင်ရိုက်ကစားရာတွင် လိုအပ်သော ဝတ္ထုပစ္စည်းများမှာလည်း ဘက်တံနှစ်ချောင်း (သို့မဟုတ်) လေးချောင်းနှင့် ကြက်တောင် ဖော့လုံး တစ်လုံး၊ အလျား ၁၇ ပေမှ ပေ ၂၀ နှင့် အနံ ၂ ပေခွဲ ရှိသော ပိုက်တစ်ခုနှင့် ညီညာသောကစားကွင်းသာ ဖြစ်သည်။

 

ကြက်တောင်ရိုက်ကစားခြင်းကို အိန္ဒိယနိုင်ငံက ရှေးဦးစွာ စတီထွင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယကို ဗြိတိသျှတို့ သိမ်းယူလိုက်သောအခါ အိန္ဒိယမှတစ်ဆင့် အင်္ဂလန်နိုင်ငံသို့ ထိုကစားနည်းရောက်ရှိသွားသည်။ အင်္ဂလန်နိုင်ငံတွင် ၁၈၃၇ ခုနှစ်မှစ၍ ကြက်တောင်အားကစားသည် ခေတ်စားလာသည်။ ဗင်မင်တန်ဟူသော အမည်မှာ အင်္ဂလန်နိုင်ငံတွင် ပထမဆုံး ကြက်တောင်ရိုက် ကစားသောနေရာတစ်ခု၏ အမည်ကိုယူ၍ မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့နောက်အင်္ဂလန်မှတစ်ဆင့် ကမ္ဘာ့အရပ်ရပ် သို့ ပျံ့နှံ့သွားခဲ့သည်။

 

လူအများစိတ်ဝင်စားသောအားကစားနည်း

 

မြန်မာနိုင်ငံတွင်လည်း ကြက်တောင်အားကစားသည် အသက်အရွယ်၊ ကျားမ မရွေး၊ နေရာမရွေး ကစားနိုင်ခြင်း၊ ပစ္စည်းကိရိယာ လိုအပ်ချက်ကလည်း အကုန်အကျ အသင့်အတင့်သာရှိခြင်းတို့ကြောင့် လူအများ စိတ်ဝင်စားသော အားကစားနည်းတစ်ရပ် ဖြစ်ခဲ့သည်။ အထူးသဖြင့် ယခုလိုဆောင်းရာသီကာလ နံနက်နှင့်ညနေခင်းများတွင် သွေးပူလေ့ကျင့်ခန်းအနေဖြင့် ကြက်တောင်ရိုက် ကစားသူများပို၍ များပြားစည်ကားလှသည်။

 

သမီးငယ်နှစ်ဦး၏ ဘက်တမင်တန်ရိုက်ချက်တို့နှင့်အတူ ကြက်တောင်လေးသည် လေထဲတွင် စုန်ချည်ဆန်ချည် လူးလာခေါက်တုံ့ပျံ ဝဲနေသည်။ ရိုက်ချက်များက သွက်လက်မြန်ဆန်လာသည်။ မြင်ကွင်းတစ်ခုလုံးက သက်ငြိမ်ပန်းချီကားတစ်ချပ်မဟုတ်တော့။ တဖျပ်ဖျပ် သက်ဝင်လှုပ်ရှားနေသည်။၊ ခေတ်အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကြက်တောင်အားကစား အကျော်အမော်တို့၏ ပုံရိပ်များကလည်း တဖျပ်ဖျပ် ထင်ဟပ်လာသည်။

 

၁၉၆၆ ခုနှစ် တိုင်းအာရှအိုလံပစ်အားကစားပြိုင်ပွဲ ကြက်တောင်ပြိုင်ပွဲ။ အာရှအဆင့်ဟုဆိုသော်ငြား တကယ်တမ်းအားဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲဆိုလျှင်လည်းမမှား။ ကမ္ဘာ့အားကစားပြိုင်ပွဲများတွင် ဥရောပ၊ အမေရိကတို့မှ နိုင်ငံကြီးများကသာ အနိုင်ရ ဗိုလ်စွဲလေ့ရှိသော်လည်း ကြက်တောင်နှင့် ဟော်ကီအားကစားနည်း များတွင်မူ အာရှနိုင်ငံများကသာ အနိုင်ရဗိုလ်စွဲလေ့ရှိကြသည်။ ကမ္ဘာ့ကြက်တောင် ပြိုင်ပွဲများတွင် အင်ဒိုနီးရှားတို့သည် ၁၀ နှစ်တာမျှ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။ အင်ဒိုနီးရှားတို့နှင့် အဓိက ပြိုင်ဘက်မှာ မလေးရှားဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဂျပန်၊ ဒိန်းမတ် နိုင်ငံတို့ကား ကမ္ဘာ့အဆင့်မီ ကြက်တောင်နိုင်ငံများဖြစ်ကြသည်။

 

ထိုခေတ်ထိုကာလတွင် မြန်မာ့ကြက်တောင် လောကသည် တစ်ခေတ်ပြောင်းလဲရန် ကြိုးပမ်းနေ ဆဲကာလသာဖြစ်၍ ကမ္ဘာ့ချန်ပီယံကြက်တောင် လက်ရွေးစင်များကို အနိုင်ရရန် မဆိုထားနှင့်၊ ထိပ်သီးစာရင်း ဝင်ရောက်နေသော ထိုင်း၊ ဂျပန်တို့ကို အနိုင်ယူရန်ပင် မလွယ်ကူလှချေ။

 

သို့ရာတွင် ၁၉၆၆ ခုနှစ် ထိုင်းအာရှအိုလံပစ် အားကစားပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် မြန်မာ့ကြက်တောင်လက်ရွေးစင် ကြည်ညွန့်သည် ပထမပွဲစဉ်၌ ဖိလစ်ပိုင် ကြက်တောင်လက်ရွေးစင်ကို စတင်အနိုင်ရခဲ့သည်။ ဒုတိယပွဲစဉ်တွင် ထိပ်သီးဂျပန်ကြက်တောင် လက်ရွေးစင်ကို လက်စွမ်းပြ ထပ်မံအနိုင်ရခဲ့ပြန်ရာ အားလုံး အံအားသင့်သွားခဲ့ကြသည်။ မြန်မာ ကြက်တောင်သမားတစ်ဦးသည် မလေးရှား၊ အင်ဒို နီးရှား၊ ထိုင်း၊ ဂျပန်စသည့် ထိပ်သီးအုပ်စုထဲသို့ ထိုးဖောက် ဝင်ရောက်လာခဲ့ပြီဟုလည်း မှတ်ချက်ချခဲ့ကြသည်။

 

တတိယကြေးတံဆိပ်ဖြင့်သာကျေနပ်

 

ကွာတားဖိုင်နယ်ပွဲစဉ်၌လည်း ကြည်ညွန့်သည် တောင်ကိုရီးယား ကြက်တောင်လက်ရွေးစင်ကို လက်စွမ်းပြ ထပ်မံအနိုင်ရခဲ့၍ အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သည်။ အကြို ဗိုလ်လုပွဲတွင်မူ ကမ္ဘာ့ချန်ပီယံ အင်ဒိုနီးရှားလက်ရွေးစင်ကို အကြိတ်အနယ်ကစားနိုင်ပြီးမှရှုံးခဲ့သောကြောင့် တတိယကြေးတံဆိပ်ဖြင့်သာ ကျေနပ်လိုက်ရသည်။

 

မြန်မာ့ကြက်တောင်လောကအတွက်မူ ကြီးမားသော အောင်မြင်မှုတစ်ရပ်ဟုဆိုရပါမည်။ အာရှ ကြက်တောင်ပြိုင်ပွဲတွင် ဆုတံဆိပ်ရယူဆွတ်ခူးနိုင်ခြင်းသည် သာမန်မျှနှင့်ရယူနိုင်သော ဆုတံဆိပ်မျိုး မဟုတ်ချေ။ မြန်မာ့ကြက်တောင်လက်ရွေးစင် ကြည်ညွန့်အဖို့လည်း ကျေနပ်ဂုဏ်ယူစရာဆုတံဆိပ် တစ်ခုဖြစ်ခဲ့သည်။ ဗွေဆော်ဦးစတင်ပါဝင် ယှဉ်ပြိုင်ခွင့်ရခဲ့သော နိုင်ငံတကာပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ကို စတင်ဆွတ်ခူးရယူနိုင်ခဲ့၍ဖြစ်သည်။

 

ကြည်ညွန့်နည်းတူ ထိုင်းအာရှအိုလံပစ်အားကစား ပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိရန် အလားအလာရှိသူ မြင့်မြင့်ခင် (မန္တလေး) သည် ပထမပွဲစဉ်၌ တောင်ကိုရီးယား လက်ရွေးစင်ကိုအနိုင်ရခဲ့ပြီး ဒုတိယပွဲ၌ ထိုင်းလက်ရွေးစင်ကို တစ်ပွဲအနိုင်ရရှိထားသည်။ သို့ရာတွင် ဒုတိယပွဲစဉ် ဆက်ကစားနေစဉ်အတွင်း ခြေထောက်လည်သွားကာ ဆက်မကစားနိုင်တော့သဖြင့် အရှုံးပေးခဲ့ရလေသည်။ မြင့်မြင့်ခင်သာ ခြေထောက်မနာခဲ့လျှင် ထိုစဉ်ကမြန်မာ့လက်ရွေးစင် ကြက်တောင်မောင်မယ်နှစ်ဦးသည် ဆုတံဆိပ်များ ရယူကာ ပြန်လာနိုင်မည်ဟု သုံးသပ်ခဲ့ကြသည်။

 

လက်ရွေးစင်ကြက်တောင် အကျော်အမော်များပေါ်ထွက်

 

ထို့နောက်ပိုင်းကာလများတွင် မြန်မာ့ကြက်တောင်လောကသည် အောင်မြင်မှုများစွာကို ရယူစိုက်ထူနိုင်ခဲ့သည်။ ကြည်ညွန့်၊ ဝေညွန့် ညီအစ်ကိုနှစ်ဦးနှင့် မြင့်မြင့်ခင် (မန္တလေး) တို့မှ အစပြု၍ မြလေးစိန်အထိ မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားအကျော်အမော်များ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များစွာ ရယူဆွတ်ခူး ပေးနိုင်ခဲ့ကြပါသည်။

 

သို့သော် ၁၉၇၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဖိတ်ခေါ် ကြက်တောင်ပြိုင်ပွဲ ကျား၊ မ နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ကြက်တောင်လက်ရွေးစင် မြလေးစိန်က ဒုတိယဆု ရရှိခဲ့ပြီးနောက်ပိုင်း မြန်မာ့ကြက်တောင်လောကတွင် ထူးချွန်သည့် အမျိုးသမီးကြက်တောင် အားကစားသမားသစ်များ ရှားပါးသွားခဲ့သည်။

 

ထို့ကြောင့် လက်ရှိကာလတွင် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အလားအလာရှိသည့် ကစားသမားများကို ရွေးချယ်ခေါ်ယူကာ နိုင်ငံတော်၏ပံ့ပိုးစရိတ်ဖြင့် လေ့ကျင့် ပျိုးထောင်ပေးလျက် ရှိကြောင်း သိရသည်။

 

ထို့အတူ မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ်သည် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် လူငယ်တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲများ၊ အမျိုးသားတံခွန်စိုက် ကြက်တောင်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသလို ပြည်ပပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် မျိုးဆက်သစ် ကြက်တောင်အားကစား မောင်မယ်များကို မွေးထုတ် ပေးလျက်ရှိသည်။

 

အတိုးတက်ဆုံးအားကစားသမားဆုချီးမြှင့်

 

အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် Egypt International Series 2018 ဖိတ်ခေါ် ပြိုင်ပွဲတွင် မျိုးဆက်သစ် လက်ရွေးစင်တစ်ဦးဖြစ်သူ သက်ထားသူဇာသည် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ချန်ပီယံပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။ မြန်မာ့ ကြက်တောင်လောက၏ အမျိုးသမီးတစ်ဦးချင်း ရွှေတံဆိပ်ဆုကို သက်ထားသူဇာက ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်၍ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်က ၂၀၁၈ ခုနှစ် အတွက် အတိုးတက်ဆုံးအားကစားသမားဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း မှစ၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့ရာ လက်ရှိတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၄၂ နေရာတွင် ရပ်တည်နေပြီး အိုလံပစ်အဆင့်သတ်မှတ်ချက် အဆင့် ၂၁ နေရာကိုလည်း ရရှိထားကြောင်း သိရသည်။ သက်ထားသူဇာအနေဖြင့် ယခု ၂၀၂၄ ခုနှစ်အတွင်း ကျင်းပမည့် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် လေ့ကျင့်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

 

မျိုးဆက်သစ်များ ပျောက်လုနီးပါးရှိနေခဲ့သည့် ကြက်တောင်အားကစားနည်းတွင် သက်ထားသူဇာ၏ ရွှေတံဆိပ်ရယူ ဆွတ်ခူးနိုင်ခဲ့ခြင်းနှင့်အတူ မြန်မာ့ကြက်တောင်အားကစားလောကသည် ပြန်လည် သက်ဝင်လှုပ်ရှားလာသည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် Badminton Asia Junior Under 15-17 (Southeast Asia) Regional Championships 2023 (Team Event) အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံပြိုင်ပွဲတွင်လည်း မြန်မာ့လက်ရွေးစင် ကြက်တောင်အသင်းသည် ကမ္ဘော ဒီးယား၊ လာအို၊ ဘရူနိုင်း လက်ရွေးစင်တို့ကို အနိုင် ယူကာ ရွှေ ၁၁ ခု၊ ငွေ လေးခု၊ ကြေးနှစ်ခု ရယူဆွတ်ခူး နိုင်ခဲ့ပြန်ပါသည်။

 

အိမ်ရှေ့ဥပစာမြေကွက်လပ်ရှိ သမီးငယ်နှစ်ဦး၏ အပျော်တမ်းကြက်တောင်ပြိုင်ပွဲလေးက အကြိတ်အနယ် ရှိနေဆဲ။ ကြက်တောင်အားကစားနည်းသည် ကျန်းမာရေးနှင့် ညီညွတ်မျှတရုံမက စိတ်ပျော်ရွှင်ဖွယ်ရာ အားကစားနည်း တစ်ခုလည်းဖြစ်၍ လက်ရှိဆောင်းရာသီနံနက်ခင်းများတွင် ကိုယ်လက်လှုပ်ရှား အားကစားအနေဖြင့် လူကြီးလူငယ်မရွေး ပျော်ပျော်ပါးပါး ကြက်တောင်ရိုက်ကစားကြရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။