ဇန်နဝါရီ ၁၆
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပတ်ထဟွာပြည်နယ်တွင် ဓါတ်ငွေ့အိုးပေါက်ကွဲမှုကြောင့် လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ယမန်နေ့ကပြောကြားသည်။
အဆိုပါဓါတ်ငွေ့အိုးပေါက်ကွဲမှုသည် ထိုပြည်နယ်၏မြို့တော် ပတ်ရှ်ဝါရှိ ဓါတ်ငွေ့အိုးအရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပတ်ရှ်ဝါရဲတပ်ဖွဲ့က သတင်းထောက်များအားပြောကြားသည်။
ထိုပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရသေးသော်လည်း ပေါက်ကွဲမှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ်စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထပ်လောင်းပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ဒဏ်ရာရရှိသူအများအပြားသည် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို