နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ သံမဏိ၊ အထည်အလိပ်နှင့် ဆေးဝါးစက်ရုံများ ကြည့်ရှုလေ့လာရန် ရန်ကုန်မြို့မှ အိန္ဒိယသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

 

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း သံမဏိစက်ရုံများ၊ အထည်အလိပ်စက်ရုံများ၊ ဆေးဝါးစက်ရုံများနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် နည်းပညာတက္ကသိုလ်၊ ကောလိပ်များကို လေ့လာကြည့်ရှုခြင်း၊ ဘန်ဂေါကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာအသင်းများ၊ ဆေးဝါးဆိုင်ရာအဖွဲ့ အစည်းများ၊ အထည်အလိပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်(၅)ဦး လိုက်ပါသွားပြီး အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများ၊ ရန်ကုန်တိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ ဒုတိယသံအမတ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

(သတင်းစဉ်)