နေပြည်တော် ဇန်နဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ထူးချွန်သူများကို လုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အခမ်းအနားသို့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသားသင်တန်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်ရွယ်လျက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ကာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုမှ ကျေးရွာ (၁၅၂) ရွာ ရွေးချယ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌လည်း နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုမှ ကျေးရွာ (၂၂၁) ရွာ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးမှ တိုးပြည်ဖွံ့ဖြိုးမှာဖြစ်၍ နိုင်ငံတော်က အားပေးကူညီဆောင်ရွက်ပေးနေသည်အပေါ် ကျေးရွာသူ ကျေးရွာသားများကလည်း ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းသုံးစက်ပစ္စည်းများရရှိကြသည့် သင်တန်းသား သင်တန်း သူများအနေဖြင့် ရရှိသည့်အခွင့်အရေးကို အကျိုးရှိရှိအသုံးချရေး၊ ဒေသထွက်ကုန်ကြမ်းကိုအခြေခံပြီး အရည် အသွေးပြည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို အဆင့်မြင့်ထုပ်ပိုးမှုပုံစံများဖြင့် ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရေး အားထည့်ကြိုး ပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားဦးကျေးရွာမှ ထူးချွန်သင်တန်းသား(၅) ဦးအတွက် အပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်မြင်ကုန်းကျေးရွာမှ ထူးချွန်သင်တန်းသား (၅) ဦးအတွက် Oven ၊ Mixer နှင့် Hand Mixer စက်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက လဲလူးအိုင် ကျေးရွာမှ ထူးချွန်သင်တန်းသား (၅) ဦးအတွက် Miter Saw နှင့် Power Art Motor စက်များကို လည်းကောင်း၊ နေပြည်တော် ကောင်စီဝင်များက ထူးချွန်သင်တန်းသား သင်တန်းသူများအား Sander စက်များ၊ အပ်ချုပ်စက်များ၊ ဓားစက်များနှင့် ဘီတင်စက်များအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက ထူးချွန် သင်တန်းသား သင်တန်းသူများအား Digital မီးဖိုများ၊ ပိသာချိန်စက်၊ Heat Gum စက်များ၊ မီးပူများနှင့် မီးပလက်ခုံ များကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)