နေပြည်တော် ဇန်နဝါရီ ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သောအဖွဲ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ ၁၉၄၈ ခုနှစ်မှစ၍ နှစ်ပေါင်း(၇၆)နှစ်တိုင်ရှိပြီဖြစ်ပြီး ရှေးယခင်ထက် စည်းလုံးညီညွတ်စွာဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်တို့အနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများ၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ရုရှားနိုင်ငံသို့ ဒေသန္တရရွေးကောက်ပွဲ သွားရောက်လေ့လာခဲ့မှုများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် များနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးက လာမည့်မတ်လတွင်ကျင်းပမည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်မှ အဆင့်မြင့်ကိုယ်စားလှယ်များ လာရောက်လေ့လာနိုင်ရေးဖိတ်ကြားခဲ့ပြီး လေ့လာရေးခရီးစဉ် အတွက် ကူညီဆောင်ရွက်ပေး နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံအကြား ရွေးကောက်ပွဲဆိုင်ရာများ နှင့်စပ်လျဉ်း၍ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် သိရှိလိုသည်များကို အသေးစိတ်မေးမြန်းဆွေးနွေးပြီး ဆွေးနွေးမေးမြန်းမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြား၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)