မုံရွာ ဇန်နဝါရီ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင်၊ ဒေါက်တာသက်သက်ခိုင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၄-ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု(ဗဟို)နာယက ဦးလှထွန်းတို့က ၂၀၂၄-ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူး ကွင်းဝင်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် နာဂရိုးရာတိုင်းရင်းသားများက ရိုးရာကွင်းအတွင်း ရိုးရာပန်တိုင်အား စိုက်ထူကြပြီး ရိုးရာဆုတောင်းတိုင်အား နာဂရိုးရာပန်တုံး အဆောက်အဦရှေ့တွင်စိုက်ထူကာ ဒေသခံတိုင်းရင်းသားများနှင့်အတူ ရိုးရာပန်တုံးအား တီးခတ်ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူ များသည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး အခမ်းအနားသဘာပတိက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂဒေသအတွင်းရှိ လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ် လေရှီးမြို့တွင် အနယ်နယ်အရပ်ရပ်မှ နာဂတိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများ လာရောက်ဆုံစည်းကာ ပျော်ရွှင်စွာ ကျင်းပနိုင်သည်ကို တွေ့မြင်ရကြောင်း၊ နာဂတိုင်းရင်းသားမျိုးနွယ်စုများ၏ ရိုးရာဓလေ့ထုံးတမ်းများနှင့် ရိုးရာမြေဝိုင်း အကပဒေသာမျိုးစုံ အားတွေ့မြင်ရပြီး ချစ်ကြည်ရင်းနှီးခွင့် ပိုမိုရရှိသည့်အတွက် ဝမ်းသာမဆုံးဖြစ်ရပါကြောင်း၊ နာဂ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့အား အခြေခံသည့် ပြည်ထောင်စု စိတ်ဓာတ် အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံရမည့်အခက်အခဲဟူသမျှကို လက်တွဲညီညီကျော်လွှားသွား ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများအပါအဝင် တစ်နိုင်ငံလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ နာဂတိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် အခွင့်အရေးကိုအမိအရရယူပြီး အပြည့်အဝအသုံးချ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
နာဂဒေသအတွင်း ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆေးကုသမှုအပြင် ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးခြင်း၊ ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်သွားလာစားသောက်မှုပုံစံတို့ စနစ်တကျရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများ၌ လာရောက်တာဝန်ထမ်း ဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံဝန်ထမ်းများအနေဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှု၊ စီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ နာဂဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံ အချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေလုံ လောက်စွာရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်မှုရှိစေရေးတို့ကို ဆောင်ရွက် ပေးလျက်ရှိပြီး မြေဆီလွှာဆုံးရှုံးမှုများပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဖြစ်ပေါ်စေသည့် ရွှေ့ပြောင်းတောင်ယာစနစ်ကိုလျှော့ချ၍ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးနည်း စနစ်ဖြစ်သည့် ခေတ်မီလှေကားထစ် လယ်ယာစနစ်ကို လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတွက် အသိပညာရှင်၊ အတတ်ပညာ ရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း။
နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက် ကုန်ကြမ်းသွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်း အမြစ်များ ပြည့်စုံစေရေးဆောင်ရွက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေမှ ချေးငွေများရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအတွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ရိုးရာချည်ထည်လုပ်ငန်းများ စနစ်တကျတိုးမြှင့်ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ် ရေးကို ဆက်လက်ဆောင်ရွက်၍ နိုင်ငံတော်သစ်ကို ပြည်ထောင်စုတိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲညီညီ ချီတက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်အမှာစကားပြော ကြားပြီး နာဂတိုင်းရင်းသူတစ်ဦးက နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား ဖတ်ကြားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးထံ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု(ဗဟို)ကော်မတီနာယက ဦးရူစံကြူးက နှစ်သစ်ကူးအမှတ်တရလက်ဆောင် ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး သဘာပတိက နိဂုံးချုပ်စကားပြောကြားပြီး နာဂနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများက ရိုးရာပြခန်းများနှင့် ဌာနဆိုင်ရာပြခန်းများကို လိုက်လံကြည့်ရှုအားပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူ များသည် လေရှှီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်၍ ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ သည် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် လေရှီးမြို့၊ နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အိပ်ဆောင်၊ စားဆောင်နှင့် စာကြည့်တိုက်တို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူ များက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင်နှင့် ဟုမ္မလင်းမြို့နယ်များရှိ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များအတွက် ဂုဏ်ပြုချီးမြင့်ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ သည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် မီးပုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ လေရှီးမြို့နယ်၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးစံမြတို့က မီးပုံပွဲအား မီးထွန်းညှိဖွင့်လှစ်ပေးကြပြီး နှစ်သစ်ကူး အထိမ်းအမှတ် မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်ကြသည်။
ယင်းနောက် နာဂရိုးရာမျိုးနွယ်စုများအလိုက် ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကြပြီး ကပြဖျော်ဖြေပေးခဲ့ကြသော ရိုးရာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြင့်ငွေများပေးအပ်ကာ မီးပုံပွဲ အခမ်းနားကို ရုပ်သိမ်းလိုက်သည်။
ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး၊ တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဘော်လီ ဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ရိုးရာထင်းခုတ်ပြိုင်ပွဲ၊ ချောတိုင် တက်ပြိုင်ပွဲ၊ ရိုးရာနပန်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)