နေပြည်တော်၊ ဇန်နဝါရီ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝေးလံခက်ခဲသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တာဝန် ထမ်းဆောင်နေကြသော ဌာနများအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်ချက်များ ပံ့ပိုးကူညီပေးနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာဒေသရှိ ဒေသခံပြည်သူများ၊ တိုင်းရင်းသားများအပေါ် စေတနာထား၍ မိမိတတ်ကျွမ်းသည့် ပညာရပ်များဖြင့် ပံ့ပိုးကူညီကြရန်နှင့် ဒေသ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများအားလုံး တည်ဆဲဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း ဥပဒေများကို တိကျစွာလိုက်နာပြီး ဌာနအလိုက် ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အသေးစိတ်ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက သီးနှံများ အထွက်နှုန်း တိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအား တိုးမြှင့်ရေးနှင့် ဌာနများအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက နာဂဒေသအတွင်း မွေးမြူရေးကဏ္ဍ တိုးတက် အောင်မြင် ဖြစ်ထွန်းရန်အတွက် ဆောင်ရွက်ရန်လုပ်ငန်းရပ်များကိုလည်းကောင်း ဆွေးနွေးမှာကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တွေ့ဆုံပွဲသို့တက်ရောက်လာကြသော ဝန်ထမ်းများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ရင်းနှီးစွာ မေးမြန်း၍ စားသောက်ဖွယ်ရာများပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးများ၊ လယ်ယာကဏ္ဍဆိုင်ရာ အရာထမ်း အမှုထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)