နေပြည်တော် ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အလုပ်သမားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဉီးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီများမှ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ၏ခွင့်ပြုဘဏ္ဍာ ရန်ပုံငွေများဖြင့် ကလေးအလုပ်သမားများ၏ မိသားစုများ ဝင်ငွေတိုးပွားစေရန်အတွက် အခြေခံသက်မွေး ပညာရပ်များနှင့် ဒေသထွက်ကုန် တန်ဖိုး မြှင့်နည်းပညာသင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၅၄၃ ကြိမ် ဖွင့်လှစ်ပေးခဲ့ကြောင်း။
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဒေသခံများအား သက်မွေးနှင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချရာတွင် နယ်မြေအခြေအနေအရ သင်တန်းပုံမှန် ဖွင့်လှစ်ရန် ကန့်သတ်ချက်များရှိခြင်း၊ သင်တန်းသားစုဆောင်းရာတွင် ဒေသခံလူငယ်များအနေဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူများပြား၍ သင်တန်းသားရှားပါးခြင်း၊ သင်တန်းမှပုံမှန် ထောက်ပံ့စရိတ်ပေးစေလိုခြင်း၊ သင်တန်းနည်းပြမလုံလောက်ခြင်းများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးရည်ရွယ်၍ သက်မွေးနှင့် ကျွမ်းကျင်မှု သင်တန်းများဖွင့်လှစ်ရာတွင် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများမှသည် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများအထိ လုပ်ကိုင်နိုင်ရန် ဒေသနှင့်ကိုက်ညီသည့် အခြေခံသက်မွေး ပညာသင်တန်းများနှင့် ဒေသထွက်ကုန် တန်ဖိုးမြှင့်နည်းပညာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့သို့ ဘဏ္ဍာငွေအချိန်မီရရှိရေး တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် တက်ရောက်လာသူများက လုပ်ငန်း ဆောင်ရွက်ချက်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက် ၁၅ ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရမည့်အချက်များကို တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်


