ရွှေကျင် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမတွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်း(ရွှေကျင်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင် က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်နှင့် ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်တို့က ဦးဆောင်ဆွေးနွေးပြီး Grade(11)မှ ကျောင်းသူ မနော်ထက် အိန္ဒြာအောင်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မကြယ်စင်လင်းက လူငယ်နှင့် မူးယစ်ဆေး၊ မသူသူအောင်က လူငယ်နှင့်အနာဂတ်၊ မောင်ဆက်ဝေတိုးက လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်မင်း ခန့်သော်က လူငယ်နှင့်ကျန်းမာရေး အစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေး သွားခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ကျောင်းသား/ ကျောင်းသူလေးများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦး တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)