နေပြည်တော်၊ ဇန်နဝါရီ   ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov  အား ယနေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim အား မွန်းလွဲပိုင်းတွင်လည်းကောင်း အဆိုပါဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်နေမှု၊ တတိယအကြိမ် ရုရှား−မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင် အစည်းအဝေး၏ သဘောတူညီမှုများအား ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တို့အကြား စားရေရိက္ခာ ဖူလုံရေးဆိုင်ရာ ဆက်စပ်ဆွေးနွေးပွဲရလဒ်မှ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လိုသည့် ဦးစားပေးလုပ်ငန်းများ၊ မြန်မာနိုင်ငံတွင် သဘာဝအပင်ကြီးထွားဆေးစက်ရုံ တည်ဆောက်ရန်ကိစ္စရပ်၊  မြန်မာ့ ရေ၊ မြေ၊ ရာသီဥတု၊ သီးနှံလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် ဓာတ်မြေဩဇာများ ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေးနှင့် ဆန်နှင့်ပဲမျိုးစုံ အပါအဝင် မြန်မာ့လယ်ယာ ထွက်ကုန်များအတွက် ဈေးကွက် အခွင့်အလမ်းရရှိရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် Egyptian International Center for Agriculture (EICA) တွင် ဖွင့်လှစ်ပို့ချသည့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်ခဲ့မှု၊ နှစ်နိုင်ငံ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအသစ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်မှု၊ ဝါမျိုးများဖလှယ်ရေး၊ ဝါသီးနှံနှင့် အာလူးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်