နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင် ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ဇန်နဝါရီ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ထုံးဘို ကျား (၁) ကုန်ထုတ်စခန်းနှင့် ကျား (၂) ကုန်ထုတ်စခန်းများ၊ ဇန်နဝါရီ ၁၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့် ပြင်ဦးလွင်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ ၂၄ မိုင် ကုန်ထုတ်စခန်းများ၊ ယနေ့တွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ရဲစခန်းအချုပ်ခန်းများနှင့် ချယ်ရီမြေ ဘိုးဘွားရိပ်သာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကော်မရှင်အဖွဲ့ဝင်သည် ကုန်ထုတ်စခန်းများနှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေများ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ လုံလောက်မှု ရှိ မရှိ၊ မိသားစုနှင့်တွေ့ဆုံခွင့် အခြေအနေ၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် အချုပ်ခန်းအတွင်း သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို သီးခြားတွေ့ဆုံ မေးမြန်း မှတ်တမ်းတင်ခဲ့သည်။

 

ယင်းနောက် ကုန်ထုတ်စခန်းများရှိ အကျဉ်းသား/ အကျဉ်းသူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ထို့နောက် ပြင်ဦးလွင်မြို့နယ်ရှိ ချယ်ရီမြေဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော ဘိုးဘွားများကို အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး ဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်ပေးနေမှု ၊ အစားအစာနှင့် အာဟာရ ဖြည့်ဆည်းကျွေးမွေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်မှု၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု၊ ဘိုးဘွားများ အနားယူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ကော်မရှင်အဖွဲ့ဝင်၏ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သည့် အရေးယူ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်