နေပြည်တော်၊ ဇန်နဝါရီ ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဇန်နဝါရီ (၁၇) ရက်မှ (၁၉) ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းအမှတ် (၄) မှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ရထားလမ်းပိုင်းများ၊ တံတားများအခြေအနေနှင့် သာစည်ဘူတာ ဝန်ထမ်းနေအိမ် လိုင်းခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ ဒုတိယဝန်ကြီးသည် အဆင့်မြှင့်တင် ပြုပြင်ထားသည့် ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်းရှိ ပေါမူ - ထီသိမ် - တောင်ကြီး အပိုင်းအားစစ်ဆေးပြီး ရထားလမ်းပိုင်းရှိ အချို့နေရာများတွင် ကျောက်ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ ထီသိမ် အဝိုင်းပတ်နေရာတွင် စိုက်ပျိုးထားသည့် သစ်ပင်များနှင့် အဝိုင်းပတ်တာဘောင်တွင် မြေထိန်းနိုင်ရန် စိုက်ပျိုးထားသည့် မြက်ပင်များ ရှင်သန်စေရေး ဂရုစိုက်သွားရန်၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်၊ ရထားလမ်းဘေး ရေမြောင်းများ စနစ်တကျဆောင်ရွက်သွားရန်နှင့် Toe Wall များ စနစ်တကျ တည်ဆောက်ရန်တို့ကိုမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှုအခြေအနေကို စစ်ဆေးပြီး ကျောက်ဖြည့်သွင်းရန် လိုအပ်သည့် နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး မြေထိန်းနံရံများ စနစ်တကျ ဆောင်ရွက်ရန်၊ ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်နှင့် ရထားလမ်းတာဘောင် ရေတိုက်စားမှုနည်းစေရန်အတွက် မြက်ကပ်စိုက်ပျိုးထားမှုအား ရှင်သန်အောင် ဂရုစိုက်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်ကြီး - ကက္ကူ ရထားလမ်းပိုင်းကို စစ်ဆေးပြီး ရထားလမ်း တစ်လျှောက်ရှိ တံတားကြံ့ခိုင်မှု၊ လမ်းပိုင်းကြံ့ခိုင်မှု အခြေအနေတို့ကို ပုံမှန်စစ်ဆေးသွားရန်နှင့် ရထားလမ်းဘေးရှိ မြက်၊ ချုံများ ရှင်းလင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သာစည်ဘူတာနှင့် ဘူတာယာဒ်ဝင်းကို စစ်ဆေးပြီး သန့်ရှင်းသပ်ရပ်မှုရှိစေရေး ရှင်းလင်းဆောင်ရွက်ရန်၊ သာစည်ဘူတာ ဝန်ထမ်းနေအိမ်လိုင်းခန်းများ၌ သောက်သုံးရေ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီး ပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်