နေပြည်တော်၊ ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၏ (၆) ထပ်ရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင်ဗဟန်းမြို့နယ်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ထို့နောက်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ကျန်းမာရေးရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီသည် အထောက်အကူပြုပံ့ပို့ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ ထို့အပြင်သူနာပြုနှင့်သားဖွားများ၏ စည်းကမ်းပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများကို ထိန်းသိမ်းစောင့်ရှောက်သည့် (Regulatory Body) အဖွဲ့အစည်းကြီးလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွား ကောင်စီအနေဖြင့် ဒေသတွင်းနှင့် အာဆီယံနိုင်ငံများနှင့်တန်းတူ သူနာပြုနှင့်သားဖွားများ၏ အရည်အသွေးများဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်၊ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများကို အသိအမှတ်ပြုလွှာ (Initial Accreditation Status) များ ပေးအပ်နိုင်ခဲ့ခြင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း (Continuing Professional Development (CPD) စနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့အတွက်ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး (၆)ထပ်ရုံး အဆောက်အဦ တည်ဆောက်သည့် မှတ်တမ်းဗီဒီယိုကိုပြကာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ ဥက္ကဋ္ဌတို့က အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းများပေးအပ်၍ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွား ကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်မှ ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ ဥက္ကဋ္ဌထံသို့ ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦအသစ် တွင်းရှိ သူနာပြုနှင့်သားဖွားများ၏ အရည်အသွေးစစ်ဆေးခန်းများ၊ စာကြည့်တိုက်များ၊ မှတ်တမ်းထိန်းသိမ်း ထားရှိသည့် အခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက်ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်) RC ၅-ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က RC ၅-ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကျောင်းသည် သူနာပြုနှင့် သားဖွား သင်တန်းကျောင်း (၅၃) ကျောင်းအနက် နှစ်ပေါင်း (၁၂၀) ကျော်ရှိပြီဖြစ်သည့် သက်တမ်းအရှည်ဆုံး ကျောင်းကြီးဖြစ်ပါကြောင်း၊ ကျောင်းကြီးပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခေတ်နှင့်လျော်ညီစေရန် ယခုလို RC ၅-ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင် အဆောက်အဦ အသစ်ကြီးကို နိုင်ငံတော်ဘဏ္ဍာငွေကျပ် (၉၄၅ဒသမ၇) သန်း အကုန်ကျခံတည်ဆောက် ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်) သည် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှ “Initial Accreditation Status” အသိအမှတ်ပြုလွှာကို ရရှိခဲ့သည့် ကျောင်းတစ်ကျောင်းဖြစ်သည့်အတွက် ဂုဏ်ယူပါကြောင်းနှင့် နိုင်ငံတော်နှင့်ပြည်သူ လူထုအတွက် တန်ဖိုးရှိလှသည့် အရည်အသွေးပြည့်ဝသော သားဖွားဆရာမများအား စဉ်ဆက်မပြတ် ဆက်လက်မွေးထုတ်သွားရန် ကြိုစားကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဗဟိုသားဖွား သင်တန်းကျောင်း (ရန်ကုန်)၊ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ်သိန်း(၁၀၀) ကို သင်တန်းကျောင်းသို့ ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် RC ၅-ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်အသစ်ရှိ စာသင်ခန်း၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများတွင် သားဖွားသင်တန်းသူများ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


