ဂျေရုဆလင် ဇန်နဝါရီ ၂၀
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံထူထောင်ရေးနှင့် ပတ်သက်၍ သဘောတူညီမှု မရှိကြောင်း ၎င်း၏သဘောထားအမြင်များကို ယမန်နေ့က ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး တပ်ဖွဲ့ဝင်များ၏ မြေပြင်ထိုးစစ်သည် ၎င်း၏တောင်ဘက်အကျဆုံးနေရာအထိ ချဲ့ထွင်ထားကြောင်း အစ္စရေးတာဝန်ရှိ သူများက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။ လက်ရှိအချိန်အထိ ဂါဇာကမ်းမြောင်ဒေသ၌ သေဆုံးသူအရေအတွက် ၂၄၆၂၀ ရှိကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
ပါလက်စတိုင်းနိုင်ငံထူထောင်ရေးနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ငြင်းဆန်ခဲ့ပြီး ဂျော်ဒန်မြစ် အနောက်ဘက်ရှိ နယ်မြေအားလုံးကို အစ္စရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်ရမည်ဟု အခိုင်အမာပြောကြားသည်။
အစ္စရေးနှင့်ပါလက်စတိုင်း နှစ်နိုင်ငံသဘောထား ကွဲလွဲမှုများအပေါ် အမေရိကန်နိုင်ငံ၏ ဖြေရှင်းချက်သည် အစ္စရေးပြည်သူများသာမက ပါလက်စတိုင်း ပြည်သူများ၏ အကျိုးစီးပွားအတွက်ပါ အကောင်းဆုံး ဖြစ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ပြောကြားချက်ကိုကိုးကားပြီး အိမ်ဖြူတော် အမျိုး သားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
လက်ရှိတွင် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အာရပ်နိုင်ငံများက လုပ်ဆောင်လျက်ရှိကြောင်း ဖိုင်နယ်ရှယ် တိုင်းစ်သတင်းစာက ဇန်နဝါရီ ၁၆ ရက် တွင် သတင်းဖော်ပြသည်။
ပါလက်စတိုင်းနိုင်ငံထူထောင်ရေး ဆောင်ရွက်ချက်များအပေါ် အစ္စရေးနိုင်ငံက သဘောတူမည်ဆိုပါက ဆော်ဒီ အာရေးဗီးယားနှင့် အခြားနိုင်ငံများသည် အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိစေရန် ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း အာရပ်အစိုးရ အကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ၎င်းသတင်းစာက ဖော်ပြသည်။
အာရပ်နိုင်ငံများသည် အဆိုပါအစီ အစဉ်ကို အနောက်နိုင်ငံများနှင့် ဆွေးနွေးလျက်ရှိပြီး လာမည့်သီတင်းပတ် အနည်းငယ်အတွင်း အစ္စရေးနိုင်ငံသို့ အဆိုပြုရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်