ပြုံယမ်း၊ ဇန်နဝါရီ ၂၀
မြောက်ကိုရီးယားသည် ၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းရေပြင်တွင် ရေအောက်နျူကလီးယားဒုံးကျည်စနစ်ကို စမ်းသပ်ခဲ့ကြောင်း ယမန်နေ့က ပြောကြားသည်။ အဆိုပါစမ်းသပ်မှုသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ နောက်ဆုံးပူးတွဲ ရေတပ်စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနသည် ရေအောက်နျူကလီးယားဒုံးကျည်စနစ် စမ်းသပ်မှုနှင့်ပတ်သက်ပြီး နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီမှတစ်ဆင့် ဇန်နဝါရီ ၁၈ ရက်က တရားဝင် ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးသိပ္ပံအကယ်ဒမီသည် Haeil- 5 - 23 လက်နက်စနစ်၏ အရေးကြီးသောစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဇန်နဝါရီ ၁၇ ရက်တွင် ပြီးဆုံးခဲ့သည့် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့၏ သုံးရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သောအားဖြင့် အဆိုပါစမ်းသပ်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။ သုံးနိုင်ငံပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်နျူကလီး ယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Carl Vinson လည်း ပါဝင်ကြောင်း သိရသည်။
ပြုံယမ်း၏ ရေကြောင်းနှင့် ရေအောက်တုံ့ပြန်မှု အမျိုးမျိုးသော လုပ်ဆောင်ချက်များသည် အမေရိကန်ရေတပ်နှင့် ၎င်း၏မဟာမိတ်များ ၏ စစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ဟန့်တားနေလိမ့်မည်ဟုလည်း မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြီးခဲ့သောနှစ် မတ်လနှင့် ဧပြီလတို့တွင် နှစ်ကြိမ်တိုင်တိုင် ရေအောက် နျူကလီးယားတိုက်ခိုက်ရေးဒရုန်းများကို စမ်းသပ်ရာတွင် ပစ်မှတ်နေရာများကို အောင်မြင်စွာ ဖောက်ခွဲပစ်နိုင်ကြောင်း ပြုံယမ်းက အခိုင်အမာ ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဘာသာပြန် - အောင်ကျော်ကျော်