နေပြည်တော် ဇန်နဝါရီ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် နှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သင်တန်းကျောင်းသို့ သွားရောက်၍ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကိုသမ ဝါယမအသင်းအဖွဲ့စနစ်ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသင်းသား တောင်သူများ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာများအား ရာသီအချိန်မီ ထောက်ပံ့ပေးရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product-OVOP) ထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အရည်အသွေး ပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရေး၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြပြီး ရှင်းလင်းတင်ပြမှုများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းကာလ ၂ နှစ် ပြည့်မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်း ပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ရှိသည့် ကျောင်းသား ကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  သင်တန်းကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် မှာကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်