နေပြည်တော်၊ ဇန်နဝါရီ ၂၁
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ် သီရိရတနာကားဝင်းအတွင်းရှိ NNN ဖိုးလပြည့်ကားဂိတ်၊ မိဘဂုဏ်ကားဂိတ်နှင့် ရွှေပြည်တန် ကားဂိတ်တို့၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D ပုလင်း (၁၀၀၀၀) ၊ Leo ဘီယာဘူး (၂၂၈၀) ၊ Refined Sugar အိတ် (၂၀၀) ၊ Nabati ဝေဖာ အထုပ် (၁၃၅၀၀) ၊ Red Bull အချိုရည် (၂၃၇၆) ဘူး၊ MAXIMUS ဘီယာဘူး (၄၈၀) ၊ Black Label (၈၄) ပုလင်း အပါအဝင် ကုန်ပစ္စည်း အမျိုး (၂၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃,၅၁၂,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၂၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ ဝန်စည်များအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် လျှပ်စစ် လုပ်ငန်းသုံးပစ္စည်း Insulation Sleeving နှစ်ခု အပါအဝင် ကုန်ပစ္စည်း (၂၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၃၂,၇၀၅) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈) လီတာပါ (၇၀)ပုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၅၃၂,၇၀၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပဲစိမ်း Peas Original Taste (၈၀) ထုပ်၊ Lazy Boy မာလာဟော့ပေါ့ (၂၁၆) ထုပ် အပါအဝင် ကုန်ပစ္စည်း (၁၃) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၉၃၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၉၃၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) (၈၂၀၀) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉,၃၆၀,၀၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ခေါင်းစွပ်ဓါတ်မီးအကြီးအခု (၄၆၀၀) အပါအဝင် ကုန်ပစ္စည်း (၁၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၉,၆၉၄,၀၀၀) ကို ပို့ကုန်သွင်းဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉,၀၅၄,၀၀၀) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၉,၀၃၃,၇၀၅) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်