နေပြည်တော် ဇန်နဝါရီ ၂၁

 

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ အိမ်ရှင် ယူဂန်ဒါသမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီလ ၁၉ရက်၂၀ရက်များတွင် ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး သို့ တက်ရောက်ခဲ့သည်။

 

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ရန်ဇိုရီ ကွန်ဗင်းရှင်းစင်တာ၌ ဇန်နဝါ ၁၉ ရက်တွင် ကျင်းပခဲ့ရာ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ အဇာဘိုင်ဂျန် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Jeyhun Bayramov က ကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားခဲ့သည်။

 

ထို့နောက် ယူဂန်ဒါသမ္မတ Mr. Yoweri Kaguta Museveni အား ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်နိုင်ငံများအားလုံးက တစ်ခဲနက် ရွေးကောက်တင်မြှောက်ခဲ့ကြပြီး၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်အား အဇာဘိုင်ဂျန် နိုင်ငံက ယူဂန်ဒါနိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

 

ဆက်လက်၍ ဂျီ ၇၇ နှင့် တရုတ်အုပ်စု (G-77 and China) လက်ရှိဥက္ကဋ္ဌ ကျူးဘားနိုင်ငံ ဒုတိယသမ္မတ၊ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) သဘာပတိ နှင့် အာဖရိကသမဂ္ဂ (African Union) ကော်မရှင်ဥက္ကဋ္ဌ တို့ကလည်း မိန့်ခွန်းများ အသီးသီးပြောကြားခဲ့သည်။

 

ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကာ မိန့်ခွန်းများအသီးသီး ပြောကြားခဲ့သည်။

 

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇန်နဝါရီ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်‌ထောင်စုဝန်ကြီးက ယခုကဲ့သို့ အရေးပါသည့် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည့် ယူဂန်ဒါအစိုးရနှင့် ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့် (၄) နှစ်တာကာလအတွင်း ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သည့် အဇာဘိုင်ဂျန်နိုင်ငံကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်ဖြစ်သည့် “ကမ္ဘာလုံးဆိုင်ရာ ကြွယ်ဝမှုများ မျှဝေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး” သည် ယနေ့ကမ္ဘာ၏ လက်ရှိ အခြေအနေများအပေါ် ထင်ဟပ်မှုရှိသဖြင့် အထူးသင့်လျော်ပါကြောင်း၊ မိမိတို့ ရင်ဆိုင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ရှုပ်ထွေးနက်နဲခက်ခဲမှုများအားလုံးကို ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၏ စည်းလုံးညီညွတ်မှု၊ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံကြီးများအကြား ယှဉ်ပြိုင်မှု၊ ပဋိပက္ခနှင့် ကမ္ဘာကြီး၏ စိုးရိမ်ဖွယ်ရာပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးအတွက် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အနေဖြင့် ပိုမိုစည်းလုံးညီညွတ်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့အနေဖြင့် များပြားလှသည့် ကမ္ဘာ့ရေးရာများနှင့်စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကသက်ဆိုင်သည့် အခန်းကဏ္ဍမှ ဆက်လက်ရပ်တည်နိုင်စေရေး မျှော်လင့်ပါကြောင်း ထည့်သွင်း ဆွေးနွေးပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကိုလည်း ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။

 

အိမ်ရှင် ယူဂန်ဒါသမ္မတနှင့် ဇနီးတို့က ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကို ဇန်နဝာရီ ၁၉ ရက် ညနေပိုင်းတွင် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

ဂျီ ၇၇ နှင့် တရုတ်အုပ်စု၏ “တတိယအကြိမ်မြောက် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ ထိပ်သီးအစည်းအဝေး” ကို ဇန်နဝါရီ ၂၁ ရက်မှစတင်၍ ကမ်ပါလာမြို့၌ ကျင်းပလျက်ရှိရာ၊ အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်လျက်ရှိသည်။

 

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ (Non-Aligned Movement-NAM) ကို ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ ယခု ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၉) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၌ တောင်ဆူဒန်နိုင်ငံ ကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ရာ၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၌ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၂၁) နိုင်ငံ ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကို စတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

 

သတင်းစဉ်