နေပြည်တော်၊ ဇန်နဝါရီ ၂၁
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်၊ ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူပိုင် အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အအုံများအပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဘုရားရှိခိုးကျောင်းများအား Drop Bomb များ ပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင် သိရှိပြီးဖြစ်သည်။
ယခုအခါတွင်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ် ထားသည့် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီတော်အား TNLA အကြမ်းဖက် သောင်းကျန်းသူများက ဇန်နဝါရီလ ၁၀ ရက်မှစ၍ ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက် တွင် အပြီးသတ် ပြိုကျပျက်စီးသွားခဲ့ ကြောင်းသိရှိရပြီး အဆိုပါစေတီတော်အတွင်း ဌာပနာထားသည့် ပစ္စည်းများကို လည်း အကြမ်းဖက်သောင်းကျန်းသူများက ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါစေတီတော်သည် ရှေးယခင်က ပလောင်တောင်ပိုင် စော်ဘွားကြီး မဟာသရေစည်သူ စဝ်ခွန်ပန်းစိန်က တည်ထားကိုးကွယ်ခဲ့ပြီး ခေတ်အဆက်ဆက်၌လည်း နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ ရွှေထီးတော်တင်လှူ ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့သည့် ဒေသခံဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ စေတီတော်တစ်ဆူဖြစ် ကြောင်း သိရှိရသည်။
ယခင်ရက်ပိုင်းတွင်လည်း MNDAA အကြမ်းဖက် သောင်းကျန်းသူများက လောက်ကိုင်မြို့နယ် စီအောကျေးရွာ၏ မြောက်ဘက် ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်အား သံတူဖြင့်ထု၍ ဖြိုချဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များနှင့် အခြား ဗုဒ္ဓဆင်းတုတော်များအား ထုခွဲဖျက်ဆီး နေသည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်ခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံနိုင်ဘဲ ပြင်းထန်စွာ ရှုတ်ချကွန့်ကွက်လျက် ရှိသည်။
ထပ်မံ၍ TNLA အကြမ်းဖက် သောင်းကျန်းသူများက ယခုကဲ့သို့ ဘုရား စေတီအား ဖျက်ဆီးခဲ့ခြင်းသည် ဗုဒ္ဓ ဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ မိုက်ရိုင်းစော်ကားခြင်းဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူများ အနေဖြင့် လုံးဝလက်မခံနိုင်ဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


