နေပြည်တော် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာ သို့ရောက်ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများလိုက်ပါ၍ Canter ယာဉ် နှစ်စီး၊ Honda Fit ယာဉ် တစ်စီး၊ ဖိုးဝှီးယာဉ် နှစ်စီး စုစုပေါင်း ယာဉ်ငါးစီးပါ ယာဉ်တန်းအား တွေ့ရှိသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်း ဝတ်ဆင်ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက် လာသည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
PNLO အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကိုရှေးရှု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ပြီး NCA ပါ သဘောတူညီချက်များအား လေးစားလိုက်နာစေရေး ဆွေးနွေးညှိနှိုင်းခဲ့သည့်အတွက် ပစ်ခတ်မှုရပ်တန့်သွားခဲ့သည်။ သို့သော် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေ စဉ်အတွင်း ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ယာဉ်တန်းမှ ယာဉ်များအား မီးရှို့ပြီးထွက်ပြေးသွားခဲ့သဖြင့်ယာဉ် များပေါ်ရှိ ခဲယမ်းဟုယူဆရသောပစ္စည်းများ ပေါက်ကွဲ၍ စံဖူးကျေးရွာရှိ ဒေသခံများ၏ နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ရသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ဟိုပုံး မြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့မှ မီးသတ်ယာဉ် ခြောက်စီးနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်း မီးငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မီးလောင်ပျက်စီး နေသည့် ယာဉ်များအား စစ်ဆေးခဲ့ရာ Canter ယာဉ် နှစ်စီးပေါ်မှ မီးလောင်ပျက်စီးလျက်ရှိသည့် လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။ မီးလောင်ပျက်စီးမှုကြောင့် နေအိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသော ဒေသခံပြည်သူများအတွက် ပြည်နယ်အစိုးရက ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


