နေပြည်တော်၊ ဇန်နဝါရီ ၂၂
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့သောင်းကုန်သွယ်ရေးစခန်း၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နိုင်လွန်ငါးဖမ်းပိုက် ကီလိုဂရမ် (၈၅၀)၊ ငါးဖမ်းပိုက် (အနက်) ကီလိုဂရမ် (၇၅၀)၊ ငါးဖမ်းပိုက်(အဖြူ) ကီလိုဂရမ် (၁၈၀)၊ နိုင်လွန်ကြိုး (၂၁၇၅) ကီလိုဂရမ်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈,၈၇၃,၀၉၅) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Truck တစ်စီးနှင့် Toyota Hiace တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃,၈၇၃,၀၉၅)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဇန်နဝါရီ ၂၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Huhtamaki Plastic Baking Tray & Lid ကီလိုဂရမ် (၁၅၀၀) အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၅၀,၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၂၅၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဇန်နဝါရီ ၂၁ ရက်တွင် ညောင်ခါးရှည် X-Ray စက်၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Violet နို့ဝေဖာ (၇၂) ထုပ် အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၃၂၅,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၀၀၀,၀၀၀) နှင့် ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Zinc Coated Iron Wire Coil ကီလိုဂရမ်(၁၀၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၈ ဒသမ ၃၄၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၅,၁၉၂) နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်သစ်မာ (၁ ဒသမ ၂၆၃) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၁,၅၀၀) တို့ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၄၆၁,၆၉၂) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၈ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၈,၅၈၄,၇၈၇) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်