နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရှိ အရာထမ်းနှင့် အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံးအနေဖြင့် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိရှိရှိဖြင့် နိုင်ငံ့တာဝန်များကို ဝန်ထမ်းစည်းကမ်း၊ ရုံးစည်းကမ်းများနှင့်အညီ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်း တစ်ယောက်ဖြစ်စေရန်နှင့်  မိမိနိုင်ငံနှင့် ဝန်ကြီးဌာန အပေါ်သစ္စာရှိစွာဖြင့် စွမ်းဆောင်ရည်မြင့်မားသူများဖြစ်အောင် တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ 

 

အဆိုပါသင်တန်းတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ တာဝန်နှင့် အကောင်အထည်ဖော်နိုင်မှု၊ စီမံခန့်ခွဲမှု (Management)၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် (Good Governance)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ ရုံးစာရေးသားနည်း၊ ရုံးလုပ်ငန်းလက်စွဲ၊ အပြည်ပြည်ဆိုင်ရာဥပဒေ (International Law)၊ သံတမန်ရေးရာ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု (PFM)၊ စာရင်းစစ်ဆေးခြင်းနှင့် အစစ်ဆေးခံရန် ပြင်ဆင်ခြင်းများ (Auditing and Accounting)၊ အဂတိတရား ကင်းရှင်းရေးနှင့်တာဝန်များ စသည့် ဘာသာရပ်များအပြင် ဝန်ကြီးဌာန၏ ဝန်ထမ်းများအားလုံး သိရှိထားရမည့် ဘာသာရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာထမ်း၊ ကထိကများကို ဖိတ်ခေါ်၍  သင်ကြားပို့ချပေးမည် ဖြစ်ကြောင်းနှင့်  သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများအပြင် မွမ်းမံသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်