မန္တလေး၊ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်အား ဇန်နဝါရီ ၁၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ( ၂၁ ) ခုမှ ပြည်သူ ( ၅၀၈ ) ဦး၊ အမရပူရမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ( ၂၇ ) ခုမှ ပြည်သူ ( ၄၂၀ ) စုစုပေါင်း ( ၉၂၈ ) ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြသည်။
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ကြပြီး တက်ရောက်လာကြသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေး ခဲ့ကြသည်။ စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များ အဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမို ကောင်းမွန်စေမည့် အကြံပြုချက်များပေးခဲ့ကြသည်။ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့ စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


