နေပြည်တော်၊ ဇန်နဝါရီ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ) ၏ နွားမျိုးမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ) တွင် ရွှေနီ၊ ပါရှန်နှင့် ဘရာမင်နွားသိုးများ မွေးမြူထားရှိပြီး မျိုးရိုးဗီဇနှင့် ပတ်သက်သော သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း၊ မျိုးရည်ခဲချောင်း ထုတ်လုပ်ခြင်း၊ နွားစာမြက်မျိုးများ စိုက်ပျိုးထိန်းသိမ်းခြင်း၊ အသေးစား မွေးမြူရေးလုပ်ကိုင်သူများနှင့် မွေးမြူရေးခြံ တည်ထောင်လုပ်ကိုင်လိုသူများအား နည်းပညာနှင့်အကူအညီပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုလဲမြို့သစ်ရှိ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရန်၊ တိုင်းရင်းဆေးဝါးများတွင် အသုံးပြုလျက်ရှိသည့် ပျားရည်များ၏ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် တစ်နိုင်တစ်ပိုင် မွေးမြူသူများကို စီးပွားဖြစ်မွေးမြူ ထုတ်လုပ်နိုင်သည်အထိ အားပေးကူညီရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တိုက်ကြီးမြို့နယ်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်းသို့ ရောက်ရှိပြီး လုပ်ငန်းခွင် မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း၊ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်း၊ ဦးစီးအရာရှိ မြေတိုင်းသင်တန်းများသို့ တက်ရောက်လျက်ရှိကြသည့် သင်တန်းသားများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး သင်တန်းသားများ ထူးချွန်ထက်မြက်သော ဝန်ထမ်းကောင်းများ ဖြစ်စေရေး၊ နည်းပညာရပ် တစ်ခုချင်းအလိုက် ထူးချွန်သူများ ပေါ်ထွန်းလာရေး ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်း ပြောကြားသည်။
ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေးဌာနခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ တိုင်းအဆင့် စိုက်ပျိုးမွေးမြူရေး တာဝန်ခံများနှင့်တွေ့ဆုံ၍ ဒေသဝမ်းစာ ဖူလုံပိုလျှံရေး၊ မိုးစပါး နွေစပါးနှင့် ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တစ်ဧကပန်းတိုင် အထွက်နှုန်း ရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်သာမက နိုင်ငံတကာတွင် လက်ရှိ ဖြစ်ပေါ်နေသော စားသုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ရာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ နေကြာ၊ နှမ်းနှင့်ဆောင်းမြေပဲ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အသားကဏ္ဍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


