ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲနှင့် ဂျပန်နိုင်ငံ၊ ခိတကျူးရှူးကျွန်း၊ မိုဂျိမြို့၊ မိုဂျိကမ္ဘာအေးစေတီတော်နှင့် မြန်မာဘုန်းတော်ကြီးကျောင်း ရေရှည်တည်တံ့ ထိန်းသိမ်းရေး၊ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော်၊ ဇန်နဝါရီ  ၂၂

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် မြန်မာတို့၏ လေးစားမြတ်နိုးဖွယ်ရာ ကောင်းသော အနုသုခုမပညာရပ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းမြှင့်တင်ခြင်း လုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြော ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ရင်ရင်နွယ်၊ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ် ဦးကိုကို၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာ့ဆိုင်းပညာကို နှစ်သက်မြတ်နိုးသော သုတေသီများတက်ရောက်ကြ သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော “မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြော ဆွေးနွေးပွဲ” သည် မြန်မာ့ရိုးရာအနုပညာယဉ်ကျေးမှု အမွေအနှစ်များ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်‌ရှောက်ရေးအတွက် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်သည်ဟု  အသိအမှတ်ပြု ပြောကြားလိုကြောင်း၊ နိုင်ငံတော်က ဦးဆောင်၍ ယဉ်ကျေးမှု အနုပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများကျင်းပပေးသကဲ့သို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းစီအနေဖြင့်လည်း  နိုင်ငံတော်က ချမှတ်ထားသည့်  ဦးတည်ချက်များကို ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရမည်မှာ နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန်တစ်ရပ်ပင်ဖြစ်ကြောင်းပြောကြားသည်။ 

 

ဆက်လက်၍ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဟောပြော ဆွေးနွေးပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဆိုင်းပညာရှင် ဦးဟိန်းတင့်က မြန်မာ့ဆိုင်းပညာရပ်နှင့်ပတ်သက်၍ ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပြီး တာဝန်ရှိသူများက ဆိုင်းပညာရှင် ဦးဟိန်းတင့်အား ဂုဏ်ပြုမှတ်တမ်းလွှာ‌နှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဂျပန်နိုင်ငံ ခိတကျူးရှူးကျွန်း မိုဂျိမြို့ ကမ္ဘာအေးစေတီတော်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိုဂျိကမ္ဘာအေးစေတီတော် တည်ထားကိုးကွယ်မှုနှင့် ပတ်သက်၍ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး သာသနာတော် ၂၅၀၀ ပြည့်ဆဋ္ဌသင်္ဂါယနာ တင်ခေတ်တွင် ပေါ်ထွန်းခဲ့သော သာသနာ့အမွေအနှစ် မိုဂျိကမ္ဘာအေး စေတီတော်နှင့် မြန်မာဘုန်းတော်ကြီးကျောင်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ပြင်ဆင်ထားရှိမှုများနှင့် လက်ရှိဆရာတော်များ တာဝန်ထမ်းဆောင်နေမှု အခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးစိုးဟန်က Video Conferencing  ဖြင့် ယခင် ဆောင်ရွက်နေသည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆရာတော်များ၏ ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။

 

ထို့နောက် မြန်မာ-ဂျပန် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစောလှမင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆွေးနွေးကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်နှင့် အစည်းအဝေး တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်