နေပြည်တော်၊ ဇန်နဝါရီ ၂၂
စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) နှင့် ဘုရားကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တိုးမြှင့် ထုတ်လုပ်နိုင်ရန် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅) ဓာတ်မြေ ဩဇာစက်ရုံ (ကန်ကြီးထောင့်) သို့ရောက်ရှိကြပြီး စက်ရုံလည်ပတ်ထုတ်လုပ်နေမှု၊ စက်ရုံ၏ပင်မထိန်းချုပ်ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံအားထိန်းချုပ်လည်ပတ်နေမှု အခြေအနေတို့ကို စစ်ဆေးကြည့်ရှုသည်။
ထို့နောက် စက်ရုံဧည့်ခန်းမတွင် စက်ရုံမှူးက ကုန်းတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ မြေများမှ ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကို ကုန်ကြမ်းအဖြစ်အသုံးပြု၍ ဓာတ်မြေဩဇာများထုတ်လုပ် ဖြန့်ဖြူးပေးနေသည့် အခြေအနေများ၊ ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအချိန်တွင် မိမိတို့၏ဓာတ်မြေဩဇာ ထုတ်လုပ်နိုင်မှုသည် နိုင်ငံတော်လိုအပ်ချက်၏ ၇ ရာနှုန်း သာ ရှိနေသည့်အတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
တောင်သူများအနေဖြင့် မိမိတို့ ပြည်တွင်း၌ထုတ်လုပ်သည့် ဓာတ်မြေဩဇာများကို အဖိုးနှုန်း ချိုသာစွာဖြင့် ရရှိနိုင်ရေးအတွက် ပြင်ပပေါက်ဈေးထက်များစွာ လျှော့ချရောင်းချနိုင်ရန် နိုင်ငံတော်အနေဖြင့် များစွာ စိုက်ထုတ်ပေးထားပါကြောင်း၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဓာတ်မြေဩဇာစက်ရုံ တည်ရှိနေသဖြင့် သယ်ယူပို့ဆောင်ခ အလွန်သက်သာနိုင်ပြီး စက်ရုံထုတ် ဈေးနှုန်းနှင့် မကွာသော ဈေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် ဓာတ်မြေဩဇာ၏ ၂၇ ရာနှုန်းကို ဧရာဝတီတိုင်းဒေသကြီးသို့ ဖြန့်ဖြူးပေးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ တွင် ၃၄ ရာနှုန်းထိ တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပြီး စက်ရုံတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ ရှင်းလင်းပြောကြားပြီး စက်ရုံဝန်ထမ်းများ အတွက်အင်အားဖြည့် အစားအစာများထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရန် 2D ဆိုက်စမစ် (Seismic) တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဘုရားကုန်းဒေသသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုအချိန်တွင် နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ၅၀ ရာနှုန်းခန့်သာ ဖြည့်ဆည်းပေးနိုင်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် သဘာဝဓာတ်ငွေ့လိုအပ်မှု၏ ၂၀ ရာနှုန်း ခန့်သာ ဖြန့်ဖြူးပေးနိုင်နေသည်ဖြစ်ရာ တိုးတက်သုံးစွဲလာနိုင်မှုများကို မျှော်မှန်း၍ ၂၀၂၈ တွင်ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး ၅ နှစ်တာကာလအတွက် နှစ်အလိုက် အကောင်အထည်ဖော်မည့် အစီအမံပြုလုပ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်လျက်ရှိရာတွင် အဖျောက်သဘာဝဓာတ်ငွေ့မြေ၌ အောင်မြင်မှု ရရှိခဲ့သဖြင့် ၂၀၂၄ ခုနှစ် ရည်မှန်းချက်ကို ပထမလမှာပင် ပြည့်မီသွားပါကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ်ရည်မှန်းချက် ပြည့်မီရေးအတွက် ယခုတိုင်းတာရေးပြုလုပ်နေသည့် ဘုရားကုန်းဒေသ၏ လုပ်ငန်းစဉ်များသည် အရေးကြီးပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအပေါ်တွင် ထားရှိသည့် စေတနာနှင့် မိမိတို့အတတ်ပညာများ၊ အတွေ့အကြုံများပေါင်းစပ်ပြီး လုပ်ငန်းများကိုအောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာနသည် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သဘာဝဓာတ်ငွေ့ ထုတ်ယူရန် အလားအလာရှိသည့် ဘုရားကုန်းဒေသတွင် ၂၀၁၉ ခုနှစ်မှ ရပ်ဆိုင်းထားသည့် ဆိုက်စမစ်လုပ်ငန်းများကို ယခုအခါပြန်လည်စတင်ခဲ့လျက်ရှိပြီး ၂၀၂၄ ခုနှစ် မတ်လအတွင်း အပြီးဆောင်ရွက်ကာ ၂၀၂၅ ခုနှစ်မှစတင်၍ သဘာဝဓာတ်ငွေ့များစမ်းသပ်ထုတ် လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


