တိုကျို ဇန်နဝါရီ ၂၃
နှစ်သစ်ကူးနေ့တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သင့်ဒေသများနှင့် ဂျပန်နိုင်ငံအတွင်း ဒေသအများအပြားတွင် ဆီးနှင်းထူထပ်စွာ ကျဆင်းနိုင်မှုနှင့် ပတ်သက်ပြီး ဂျပန်အာဏာပိုင်များက သတိပေးထားကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မိုးလေဝသအေဂျင်စီနှင့် မြေယာ၊ အဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနတို့သည် ဇန်နဝါရီ ၂၂ ရက်တွင် အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၂၃ ရက်မှ ၂၅ ရက် အထိ ဆီးနှင်းကျဆင်းနိုင်ကြောင်း မိုးလေဝသ အေဂျင်စီက ခန့်မှန်းထားသည်။
အဓိကအားဖြင့် ဂျပန်နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်း ဂျပန်ပင်လယ်ဘက်ခြမ်းတွင် သိသာ ထင်ရှားသည့် ဆီးနှင်းများ ကျဆင်းနိုင်ကြောင်း သတိပေးထားသည်။ နှင်းတိမ်တောင်များ ဖြစ်ထွန်းလာခြင်းကြောင့် ငလျင်လှုပ်မှုဖြစ်ပွားသော ဟိုကုရီကုဒေသတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနိုင်သည့်အပြင် မြောက်ပိုင်းကန်စိုင်းနှင့် ချူဂိုကူဒေသတို့တွင်လည်း ကျဆင်းနိုင်ကြောင်း အဆိုပါအေဂျင်စီက ပြောသည်။
အင်န်အိတ်ချ်ကေ