ဂါဇာ၊ ဇန်နဝါရီ ၂၃

 

ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်းယူနစ်မြို့၌ ဇန်နဝါရီ ၂၂ ရက်တွင် အစ္စရေးက ဆက်လက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၅၀ ထက်မနည်းသေဆုံးကြောင်း တရားဝင်ပါလက်စတိုင်း သတင်းအေဂျင်စီ ဒဗလျူအေအက်ဖ်အေက ဖော်ပြထားသည်။

 

ခန်းယူနစ်မြို့၏ အနောက်ဘက်ဒေသများတွင် ပါလက်စတိုင်း စစ်သွေးကြွများနှင့် အစ္စရေးတပ်ဖွဲ့တို့ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် အစ္စရေးတို့က စစ်လေယာဉ်နှင့် အမြောက်များ အသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဒေသတွင် ထောင်နှင့်ချီသည့် ပါလက်စတိုင်း ရွှေ့ပြောင်းသူများ နေထိုင်ကြောင်း မျက်မြင်သက်သေများက ပြောသည်။

 

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၉၀ သေဆုံးပြီး အခြား ၃၄၀ ဒဏ်ရာ ရရှိကြောင်း ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား သေဆုံးသူ စုစုပေါင်း ၂၅၂၉၅ ဦး ရှိပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။

 

ဆင်ဟွာ