နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဆေးသုတေသန ဦးစီးဌာန၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

 

ရှေးဉီးစွာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကား ပြောကြားရာတွင် ယခုနှစ်ကျင်းပသည့် ညီလာခံကို “ခိုင်မာပြီးသုတေသနကျင့်ဝတ်နှင့် ပြည့်စုံသော သုတေသနကောင်းများကို တိုးမြှင့်ဆောင်ရွက်ကြပါစို့ - Enhancing Research Integrity and Research Ethics” ဟု သတ်မှတ်ထားရှိ ပါကြောင်း၊ ယခုနှစ် သုတေသနညီလာခံတွင် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်) ရှိ အဆင့်မြင့် မော်လီကျုး သုတေသနစင်တာ (Advanced Molecular Research Centre) ၏ (၁၀)နှစ်ပြည့် အထိမ်း အမှတ်အတွက် ဂုဏ်ပြုအမှတ်တရအစီအစဉ်တစ်ခု ပါဝင်သည်ဟု သိရှိရကြောင်း။

 

ညီလာခံသို့တင်သွင်းမည့်စာတမ်းများတွင် ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်သည့် မြန်မာနိုင်ငံ၌ ရင်ဆိုင်တွေ့ကြုံခဲ့ရသော  ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပြည်သူလူထု၏ ကျန်းမာရေး အသိပညာ၊ ရောဂါ ကာကွယ်မှုနှင့် ကာကွယ်ဆေးထိုးနှံမှုအခြေအနေများကူးစက်နိုင်သော ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ သုတေသန စာတမ်းများ၊ မကူးစက်တတ်သော ရောဂါများအား ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများ၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသနတပ်မှ သုတေသီများဆောင်ရွက်ခဲ့သည့် သုတေသနစာတမ်းများပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် သုတေသနများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွယ်ဝန်ကြီးဌာနများမှ သုတေသီများအား အသုံးချသုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် သုတေသနစီမံချက် (၂၀၁) ခုအတွက် ခွင့်ပြုငွေကျပ်သန်း(၁၁၀၀) ကျော် ခွဲဝေချထားခဲ့ပေးပြီးဖြစ်ကြောင်း။

 

သုတေသနညီလာခံသည် သုတေသနပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများက သုတေသနရလဒ်နှင့် တွေ့ရှိများကို ၎င်းတို့၏အတွေ့အကြုံနှင့် အသိပညာများကိုအခြေပြု၍ သုံးသပ်ချက်များ၊ အကြံပြုချက်များအား မျှဝေရာနေရာလည်းဖြစ်ခြင်းကြောင့် မူဝါဒ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် အမျိုးသားကျန်းမာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်မှုများအတွက် များစွာအရေးကြီးလှသဖြင့် သုတေသနပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်

 

ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  သုတေသနပိုစတာ ပြပွဲကို လှည့်လည်ကြည့်ရှုသည်။

 

mdn

 

ဆက်လက်၍ ပထမနေ့နံနက်ပိုင်းအစီအစဉ်အဖြစ် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားမှုဆိုင်ရာသုတေသနစာတမ်း၊ ဦးနှောက်ရောင် ရောဂါဖြစ်ပွားမှု အကြောင်းရင်း ရောဂါလက္ခဏာများ၊ ဓာတ်ခွဲဓာတ်မှန်စမ်းသပ်မှုနှင့် ရောဂါဖြစ်စဉ်များအား လေ့လာသော သုတေသနစာတမ်း၊ မြန်မာနိုင်ငံ လက်ရွေးစင်အားကစားသမားများ အကြားတွင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သော အပြုအမူများ ဖြစ်ပေါ်ပျံ့နှံ့မှုများအား လေ့လာခြင်း သုတေသနစာတမ်းများကို ဖတ်ကြားတင်ပြကြပြီး တက်ရောက်လာသော ပညာရှင်များ၊ သုတေသီများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ထို့နောက် ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားပြီး နံနက်ပိုင်းစာတမ်းဖတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

မွန်းလွဲပိုင်းတွင် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea Inter-national Cooperation Agency- KOICA)က ဆောက်လုပ်လှူဒါန်းခဲ့သော ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်)ရှိ အဆင့်မြင့်မော်လီကျုးသုတေသနစင်တာ (Advanced Molecular Research Centre) (၁၀)နှစ်ပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြု အမှတ်တရအစီအစဉ်ကို ကျင်းပသည်။

 

 ယင်းအစီအစဉ်တွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ကိုရီးယားနိုင်ငံတို့မှ အပြည်ပြည်ဆိုင်ရာ တီဘီရောဂါသုတေသန စင်တာ ဥက္ကဋ္ဌ ဒေါက်တာ Sundae Song တို့က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားကာ ဂုဏ်ပြု Video Clip ကို ဖွင့်လှစ်ပြသသည်။

 

ဆက်လက်၍ ကူးစက်နိုင်သောရောဂါတစ်ခုဖြစ်သည့် ဆေးယဉ်ပါးတီဘီရောဂါအတွက် သုတေသန တွေ့ရှိချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့်ကိုရီယားနိုင်ငံတို့မှ သုတေသန ပညာရှင်များ ပါဝင် ဆွေးနွေး ကြသည့် “Myanmar-Korea Joint Symposium (2024)- Combating Drug-Resistant Tuberculosis” ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ကျင်းပသည်။

 

ယခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ နှီး နွယ်ဝန်ကြီး ဌာနများရှိ သုတေသီပညာရှင်များ၏ အခြေခံသုတေသနစာတမ်း(၂၃)စောင်၊ အသုံး ချသုတေသနစာတမ်း (၂၂)စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း (၁၃)စောင်၊ သုတေသနပိုစတာ (၅၁)စောင်၊ စုစုပေါင်း စာတမ်း (၁၀၉)စောင်တို့ကို တင်သွင်း ဖတ်ကြားပြသကြမည်ဖြစ်သည်။

 

ယင်းတင်သွင်းမည့်စာတမ်းများတွင် ကိုဗစ်-၁၉ ရောဂါ၊ ကင်ဆာရောဂါ၊ တီဘီရောဂါ၊ အသည်းရောဂါ၊ ဦးနှောက်နှင့်ဦးနှောက်အမြှေးရောင်ရောဂါ၊ မြွေဆိပ်၊ သွေးလွန်တုပ်ကွေး၊ ရိုတာဗိုင်းရပ်(စ်)၊ ငှက်ဖျားရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ တိုင်းရင်းဆေး၊ သွားဘက်ဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ဆေးဝါးဗေဒဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ ကိုယ်ဝန်စောင့်ရှောက်မှုဆိုင်ရာ၊ သူနာပြုများ၏ဆေးရုံကျင့်ဝတ်ဆိုင်ရာ၊ ဆေးပညာ သင်ကြားရေးနှင့် အကဲဖြတ်နည်းဆိုင်ရာ သုတေသနများနှင့် ပတ်သက်သော သုတေသနစာတမ်းများ ပါဝင်မည်ဖြစ်သည်။

 

ညီလာခံသို့ တင်သွင်းလာသည့်စာတမ်းများမှ အခြေခံ သုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချသုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်း မာရေးစနစ်သုတေသန (Health Systems Research) စာတမ်းဆုများ၊ ပိုစတာ စာတမ်းဆုများနှင့် လူငယ်သုတေသီဆုများကို စာတမ်းဆု ရွေးချယ်ရေးဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်