ဇန်နဝါရီ ၂၃
မလေးရှားနိုင်ငံတွင် မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာသည်ဟုကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့က သတိပေးပြောကြားသည်။
ဇန်နဝါရီ ၇ မှ ဇန်နဝါရီ ၁၃ ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၅၂၅ ဦးရှိရာ ထိုသီတင်းပတ်မတိုင်မီက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၃၁၈၁ ဦးနှင့်နှိုင်းယှဉ်ပါက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်း ဖြစ်ကြောင်းနှင့် အလားတူကာလအတွင်း ယင်းရောဂါဖြစ်ပွားမှုဖြင့် နှစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မိုဟာမက် ရတ်ဇီအာဘူဟာဆန်က ပြောကြားသည်။
မိုးလေဝသဌာနက အနောက်တောင်မုတ်သုံရာသီကာလသည် ယမန်နှစ် နိုဝင်ဘာမှ ယခုနှစ် မတ်လအထိ ဖြစ်လိမ့်မည်ဟု ဖော်ပြထားသည်။ ထိုရာသီကာလသည် အေဒီးစ်ခြင် ပေါက်ဖွားမှုမြင့်မားလာခြင်းကို အထောက်အကူဖြစ်စေသည်။ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်ကာလနှင့် ဖြစ်ပွားပြီးနောက်ကာလတို့တွင် ကြိုတင်ကာကွယ်မှုအဆင့်များ လုပ်ဆောင်ကြရန် အများပြည်သူတို့အား အကြံပြုပြောကြားထားသည်ဟု ၎င်းကဆိုသည်။ နိုင်ငံတစ်ဝန်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရာနေရာများသည် ထိုသီတင်းပတ်အတွင်း ၁၃၀ မှ ၁၃၆ အထိ မြင့်တက်လာရာ ဆီလန်ဂေါပြည်နယ်သည် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအဆိုးရွားဆုံးဖြစ်ပြီး ၎င်းပြည်နယ်ပြီးလျှင် မြို့တော် ကွာလာလမ်ပူဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို