ဇန်နဝါရီ ၂၃

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Aksu ပြည်နယ်ခွဲ ဝူရှီးခရိုင်တွင် ဒေသစံတော်ချိန် ယနေ့မနက် ၂ နာရီ ၉ မိနစ်က ပြင်းအား ၇ ဒသမ ၁ ပမာဏရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာက ပြောကြားသည်။

အဆိုပါငလျင်သည် မြေအောက်အနက် ၂၂ ကီလိုမီတာတွင်ဗဟိုပြု၍ မြောက်လတ္တီကျု့ ၄၁ ဒသမ ၂၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု့ ၇၈ ဒသမ ၆၃ ဒီဂရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ကနဦးသတင်းဖော်ပြချက်အရ  ငလျင်ဗဟိုချက်သည် ကာဂျစ္စတန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား တောင်ထူထပ်သောနယ်စပ်ဒေသအတွင်း ဝူရှီးခရိုင်ရှိ မြို့နယ်တစ်ခုတွင်တည်ရှိသည်ဟု သိရသည်။ ရှင်းကျန်းငလျင်ဌာန၏ပြောကြားချက်အရ ဝူရှီးခရိုင်မှ ကီလိုမီတာ ၅၀ နီးပါးအတွင်း၊ ငလျင်ဗဟိုချက် အချင်းဝက် ကီလိုမီတာ ၂၀ အတွင်း ကျေးရွာငါးရွာတည်ရှိသည်ဟု သိရသည်။

ငလျင်ဗဟိုချက်အတွင်းရှိ လူနေအိမ်အများပြားနှင့် မွေးမြူရေးခြံများပြိုကျမှုဖြစ်ပွားခဲ့ပြီး နွားကျောင်းသားအချို့ ဒဏ်ရာအနည်းငယ်ရရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်အရ သိရသည်။ ယနေ့မနက် ၄ နာရီအချိန်အထိ ငလျင်ပြင်းအားပမာဏ ၃ သို့မဟုတ် ၃ အထက် နောက်ဆက်တွဲငလျင်ငယ် ၁၄ ကြိမ်လှုပ်ခတ်ခဲ့မှုအတွင်း ပြင်းအား ၅ ဒသမ ၃ ပမာဏငလျင်သည် ပြင်းအားအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ ယာဉ်အစီးရေ ၁၈၂ စီး၊ လူဦးရေ ၈၀၀၊ ခွေး ၃၂ ကောင်တို့အား သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် အသင့်ပြင်ဆင်ထားကြောင်း ရှင်းကျန်းဒေသ မီးသတ်နှင့်ကယ်ဆယ်ရေးဌာနက ပြောကြားသည်။ ရွက်ဖျင်တဲအလုံးရေ ၁၀၀၀၊ ချည်ထည်အင်္ကျီ ၅၀၀၀၊  ဂွမ်းစောင်နှင့်အိပ်ရာ ၁၀၀၀၀၊ ခေါက်ကုတင် ၅၀၀၀ နှင့်  မီးဖို ၁၀၀၀ တို့ကို ဝူရှီးခရိုင်သို့ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို