mdn

တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့နှင့်စပ်လျဉ်း၍ ရှုထောင့်စုံမှ သဘောထားအမြင်စုံတို့ကို အများပြည်သူသို့ တင်ပြပေးနိုင်ရန် ဤကဏ္ဍကို ဖွင့်လှစ်ခြင်းဖြစ်၍ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်ရေးသားရန် ဖိတ်ခေါ်ပါသည်။ သို့သော်ကြမ်းတမ်းပြင်းထန်သော အယူအဆ၊ အရေးအသားများကို သတင်းစာ၏ မူဝါဒအရ ဖော်ပြပေးနိုင်မည်မဟုတ်ကြောင်းနှင့် ဤကဏ္ဍတွင် ပါရှိသမျှတို့သည် သက်ဆိုင်ရာ ဆောင်းပါးရှင်အသီးသီး၏ အာဘော်များသာ ဖြစ်ပါကြောင်း အစီရင်ခံအပ်ပါသည်။ (စာတည်းအဖွဲ့)

 

သတင်းဆောင်းပါး - မြင့်မိုး(သာယာဝတီ)

 

မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ အကျဉ်းသားဦးရေ သိပ်များနေတယ်။ အကျဉ်းထောင်တချို့မှာ ဝင်ဆံ့တဲ့ ပမာဏထက် နှစ်ဆခန့်ပိုများတဲ့ အကျဉ်းသားတွေကို ထိန်းသိမ်း ရတာကြောင့် နေရာအခက်အခဲဖြစ်နေကြောင်း အကျဉ်းထောင်အတွင်း ဝင်ရောက်လေ့လာတဲ့ အဖွဲ့အစည်းတချို့ရဲ့ အစီရင်ခံစာများအရ သိရှိရပါတယ်။

 

ဒီပြဿနာကို ကျွန်တော်တို့တစ်နိုင်ငံတည်း ရင်ဆိုင်နေရတာ မဟုတ်ပါဘူး။ နိုင်ငံအများစုမှာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဒုက္ခကို ဘယ်လိုဖြေရှင်းကြမလဲ။ တခြားနိုင်ငံတွေရော ဘယ်လိုလုပ်ကြသလဲ။ ကျွန်တော်fလေ့လာမိတဲ့ဖြေရှင်းနည်းတစ်ခုကို တင်ပြပါရစေ။ 

 

အဲဒါဟာ Parole System  လို့ ခေါ်ပါတယ်။ ဒီစနစ်က အကျဉ်းသားကိုလွတ်ရက်မတိုင်မီ ကြိုတင်လွှတ်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုတာနဲ့ မတူပါဘူးခင်ဗျာ။ Parole စနစ်အရ လွှတ်ပေးလိုက်တဲ့ အကျဉ်းသားဟာ သူလိုက်နာရမယ့် စည်းကမ်းချက်တွေကို ကတိဝန်ခံချက်ပေးပြီး ယာယီလွှတ်ပေး လိုက်တာပါ။ ထောင်ပြင်ပရောက်ရင် စောင့်ကြပ်ကြည့်ရှုရေးဌာနနဲ့ ရပ်ရွာလူကြီးတွေရဲ့ စောင့်ကြည့်မှုအောက်မှာ သတ်မှတ်စည်းကမ်းအတိုင်းနေရမှာဖြစ်ပြီး စည်းကမ်း မလိုက်နာရင် စောင့်ကြပ်ကြည့်ရှုသူအရာရှိက ထောင်ထဲကို ပြန်ပို့မှာပါ။ လွှတ်မပေးမီမှာလည်း အကျဉ်းသားရဲ့မိဘဆွေမျိုးနဲ့ ၎င်းနေထိုင်တဲ့ ရပ်ကွက် (သို့) ကျေးရွာရဲ့ထောက်ခံမှုရရှိရန်လည်း လိုအပ်ပါတယ်။ ဒီစနစ်ကို က္ဘာ့နိုင်ငံတော်တော်များများမှာ ကျင့်သုံးနေကြပါပြီ။

 

လူဆိုးမဟုတ်တဲ့အကျဉ်းသားတွေ

 

အာဆီယံ (၁၀) နိုင်ငံတွေမှာဆိုရင် ခုနစ်နိုင်ငံကျင့်သုံးနေပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေ ကျန်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်ပြစ်မှုတွေမှာ ကျင့်သုံးလျက်ရှိပြီး လူကြီးတွေအတွက်မရှိသေးပါဘူး။ ဒီနေရာမှာ ကျွန်တော်ဖြည့်စွက်တင်ပြချင်တာက အကျဉ်းသား တိုင်းဟာ လူဆိုးတွေ မဟုတ်ကြပါဘူး။ သူတို့အားလုံးကို ဆိုးသွမ်းရာဇဝတ်သားတွေလို့သိမ်းကျုံးပြီး မယူဆစေလိုပါဘူး။ သူတို့ထဲမှာ မတော်တဆဖြစ်လို့၊ စိတ်လိုက်မာန်ပါ ဖြစ်လို့၊ အပေါင်းအသင်းမှားလို့ စသည်ဖြင့် တစ်ကြိမ်တစ်ခါ မှားမိတဲ့သူတွေပါတာပေါ့။ ဒါ့အပြင် လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ အသက်ငယ်ရွယ်သူတွေ မူးယစ်ဆေးဝါးစမ်းသုံးရင်း မူးယစ်သားကောင်ဖြစ်လို့ ထောင်ထဲရောက်လာတာတွေလည်း အများကြီးပါ။ ပြောရရင် ထောင်ကျအကျဉ်းသားတွေထဲမှာ အဲဒီလို လူဆိုးမဟုတ်တဲ့အကျဉ်းသားတွေ ရာ ခိုင်နှုန်းတော်တော်များများရှိပါတယ်။ အဲဒီလူတွေကို စနစ်တကျ စိစစ်ပြီး လွှတ်ပေး၊ စောင့်ကြည့်ထိန်းသိမ်းပေးမယ်ဆိုရင် တိုင်းပြည်အတွက် အကျိုး ရှိတဲ့ လူကောင်းသူကောင်းတွေအဖြစ် ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

Parole System အကြောင်းကို အကျဉ်းချုပ်တင်ပြရမယ်ဆိုရင် အောက်ပါ အတိုင်း ဖြစ်ပါတယ် - 

 

(၁) ပြစ်ဒဏ်ကျခံရပြီး စုစုပေါင်းပြစ်ဒဏ်ရဲ့ အနည်းဆုံး သုံးပုံတစ်ပုံ ကျခံပြီး သူတွေထဲက ထောင်တွင်းပြစ်မှု၊ ပြစ်ဒဏ်မရှိသူ၊ ထောင်ကချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာတဲ့သူ၊ မိမိပြစ်မှုအတွက်နောင်မကျူးလွန်မိအောင် နောင်တရနေသူ၊ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ဖို့ အလားအလာနည်းပါးသူတွေကို ထောင်တာဝန်ခံက ထောက်ခံပြီး ဒေသဆိုင်ရာ Parole Board (Reginal Parole Board) (ဒေသဆိုင်ရာ ခံဝန်စိစစ်ရေးအဖွဲ့ ) ကို အမည်စာရင်း တင်သွင်း ရပါတယ်။ 

(၂) ဒေသဆိုင်ရာ Parole Board ဟာ အကျဉ်းထောင်မှ အမည်စာရင်း တင်သွင်းသူတွေကို ထောင်မှာ သွားရောက်တွေ့ဆုံပြီး အထက်ဖော်ပြပါ အချက်များနဲ့ ကိုက်ညီမှု ရှိ မရှိ၊ အကျဉ်းသားနေထိုင်ခဲ့တဲ့ ကျေးရွာ^ ရပ်ကွက်အတွင်း သွားရောက်ပြီး အကျဉ်းသားအား ရက်မစေ့မီ ၎င်း၏ အိမ်သို့ ပြန်လွှတ်မည်ဆိုပါက ရပ်ကွက်/ကျေးရွာနှင့် မိသားစုမှ လက်ခံနိုင်ခြင်း ရှိ မရှိ၊ စားဝတ်နေရေးအတွက် အလုပ်အကိုင် ရှိ မရှိ၊ မရှိပါက ရှာဖွေပေးနိုင်မည့် အခြေအနေတို့ကို လေ့လာစိစစ်ပြီး ပြန်လွှတ်ပေး သင့်ပါက NPB (National ParoleBoard) ကို ထောက်ခံတင်ပြရ ပါတယ်။ 

(၃) NPB (National Parole Board) (okdY) CPB (Central ParoleBoard) မှ Regional Parole Board ရဲ့ ထောက်ခံတင်ပြမှုအရ ၎င်း၏အဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ခံဝန်ဖြင့် လွှတ်ပေးခြင်းကို ခွင့်ပြု နိုင်ပါတယ်။ 

(၄) ဒါပေမယ့် ဒီအတိုင်းလွှတ်လိုက်တာမဟုတ်ဘဲ အစိုးရကဖွဲ့စည်းထားတဲ့စောင့်ကြပ်ကြည့်ရှုရေးရုံးရဲ့ အုပ်ချုပ်မှုအောက်ကို လွှဲပြောင်းပေးလိုက်တာ ဖြစ်ပြီး စေလွှတ်ခံရသူ အကျဉ်းသားဟာ စောင့်ကြပ်ကြည့်ရှုရေးအရာရှိနဲ့ဒေသအလိုက် ဖွဲ့စည်းထားတဲ့ Volunteer Probation Officer တွေရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ သတ်မှတ်ထားတဲ့ နယ်မြေအတွင်း မှာ နေထိုင်ရမှာ ဖြစ်ပါတယ်။ 

(၅) ခံဝန်ဖြင့် စေလွှတ်ခံရသူအကျဉ်းသားက အထက်အပိုဒ် (၄) ပါ အဖွဲ့များရဲ့ချိန်းဆိုမှုများသို့ သွားရောက်သတင်းပို့ရမှာဖြစ်ပြီး သွားရောက်ရန်ပျက်ကွက်ခြင်း၊ သတ်မှတ်ထားသော စည်းကမ်းများ မလိုက်နာခြင်း၊ အရက်သေစာသောက်စားခြင်း၊ လောင်းကစားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း တို့ ဖြစ်ပေါ်ပါက စောင့်ကြပ်ကြည့်ရှုသူအရာရှိမှ အကျဉ်းထောင်သို့ပြန်လည်ပို့ဆောင်မှာ ဖြစ်ပါတယ်။

(၆) ခံဝန်ဖြင့် လွှတ်ခြင်းခံရတဲ့အကျဉ်းသားဟာ သတ်မှတ်စည်းကမ်းများကိုလိုက်နာပြီး ပြဿနာတစ်စုံတစ်ရာ မ ရှိပါက ကျခံရန် ကျန်ကာလကုန်ဆုံး ချိန်မှာ အကျဉ်းထောင်က တရားဝင် လွတ်လက်မှတ် ထုတ်ပေးမှာ ဖြစ်ပါ တယ်။ စာရေးသူဟာ Parole  စနစ်ကို လက်တွေ့ကျင့်သုံးတဲ့ နိုင်ငံတွေအနက် ဂျပန်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်လေ့လာဖူးပါ တယ်။ အဆိုပါနိုင်ငံများမှာ သိသာတာတစ်ခုက အကျဉ်းထောင်မှာ ပြည့်ကျပ်မှု လျော့သွားတာပါပဲ။ အဲဒီပြဿနာ တစ်ရပ် လျော့ပါးသွားတာနဲ့အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း တိုးတက်လာတာ တွေ့ရပါတယ်။ နောက်တစ်ခုက Re-offending လွတ်ပြီးနောက်ပြန်လည်ထောင်ကျမှုနှုန်း လျော့ပါးသွားတာပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ Correctional Institution လို့ခေါ်တဲ့ အကျဉ်းထောင်စနစ်အောင်မြင်မှုကို အဲဒီနှုန်းတွေနဲ့ တိုင်းတာနိုင်ပါတယ်။

 

ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်လေ့လာခဲ့

 

ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်လေ့လာခဲ့စဉ်က အဲဒီနိုင်ငံတွေရဲ့ VPO လို့ခေါ်တဲ့ လုပ်အားပေး စောင့်ကြပ်ကြည့်ရှုသူအရာရှိတွေဟာ အသက်အရွယ်ကြီးရင့်ပြီးဖြစ်တဲ့ အငြိမ်းစားရဲအရာရှိ၊ ထောင်ပိုင်၊ တပ်မတော်အရာရှိ၊ လဝကအရာရှိတွေ များပြားစွာပါဝင်တာ တွေ့ရပါတယ်။ ရပ်ရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ရပ်မိရပ်ဖတွေကတော့ မပါမဖြစ်ပေါ့။ အဲဒီလို VPO တွေများများရရှိဖို့ VPO အသင်းတွေ ဖွဲ့စည်းပေးထားတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံက အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့VPO တစ်ဦးကို ဘာကြောင့် စိတ်ရှုပ်စရာကောင်းတဲ့ ဒီအလုပ်ကို လုပ်အား ပေးပြီး လုပ်ရတာလဲလို့မေးတဲ့အခါ သူ့နိုင်ငံသားတွေ လုံခြုံဖို့၊ ဒီလူတွေ လူကောင်း ဖြစ်ဖို့ လိုအပ်တဲ့အတွက် ဆောင်ရွက်ရတာလို့ ဖြေပါတယ်။

 

ထိုင်းနိုင်ငံကို သွားရောက်လေ့လာစဉ်က Probation Officer တစ်ဦးကဲ့သို့ ၎င်းတို့နဲ့ အတူသွားရောက်ပြီး ခံဝန်ဖြင့် စေလွှတ်ထားသူတွေကို ဆေးစစ်ပေးခြင်း၊ ပြန်လည်မှတ်ပုံတင်ခြင်း၊ ဆုံးမစကားများပြောကြားခြင်း၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်စေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးဖြစ်ခဲ့ပါတယ်။ မိမိနိုင်ငံမှာလည်း ဒီလိုစနစ်မျိုး အကောင်အထည်ဖော်လျှင် ကောင်းလေစွလို့ စိတ်ထဲမှာ ကြိတ်ပြီးဆုတောင်းမိပါတယ်။

 

Parole System ကို ယခင်က အာဆီယံနိုင်ငံတွေထဲက မဆောင်ရွက်နိုင်သေး တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာတို့အနက် ဗီယက်နမ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်ထဲမှာပဲ ၎င်းတို့ရဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ပြီး စတင်အကောင်အထည်  ဖော်လိုက်နိုင်ပြီဖြစ်ပါတယ်။ လာအိုနိုင်ငံမှာတော့ Mediation Centre လို့ခေါ်တဲ့ညှိနှိုင်းဖျန်ဖြေရေးစခန်းတွေဖွင့်ပြီး အမှုသေးတွေကို ရဲစခန်း၊ တရားရုံးမရောက်အောင် ဆောင်ရွက်ခြင်းကြောင့် အကျဉ်းထောင်တွင်း ကျပ်တည်းမှုအနည်းငယ်ကိုဖြေလျှော့ပေးနိုင်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာတော့ ကလေးသူငယ်များအတွက် Parole System နဲ့ ဆင်တူတဲ့ စနစ်တစ်ခုဟာ ယခင်ကတည်းက ရှိပြီးဖြစ်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးအက်ဥပဒေကိုလည်း ၂၀၁၈ ခုနှစ်မှာ ပြင်ဆင်နိုင်ခဲ့ပြီး ဆေးသုံးစွဲသူတွေကို ထောင်ဒဏ်ချမှတ်ခြင်းအစား ဆေးဖြတ်စခန်းများသို့ပို့ပြီး ဆေးဖြတ်စေရန်နဲ့ လူမှုရေးပြစ်ဒဏ်တွေကိုသာ ပေးဖို့ စီမံဆောင်ရွက်နေတာကို မြင်တွေ့ရပါတယ်။

 

Parole စနစ်နဲ့ ပတ်သက်ပြီး ထောင်ပိုင်စာရေးဆရာ ဦးရန်အောင်မောင်မောင်က သူ့ရဲ့ ထောင်တစ်သက် အတွေ့အကြုံစာအုပ်မှာ ဒီလိုရေးခဲ့ဖူးပါတယ်။

 

“အချို့နိုင်ငံများတွင် ရာဇဝတ်မှုကြိုတင်ကာကွယ်ရေးနှင့် အကျဉ်းသားများ စာရိတ္တပြုပြင်ရေးတို့အတွက် Preventive System  နှင့် Parole System တို့ကိုစမ်းသပ်ဆောင်ရွက်ခဲ့ကြသည်။ Preventive System  ဆိုသည်မှာ ရာဇဝတ်မှုများကို ကြိုတင်ကာကွယ်ရခြင်းဖြစ်၍ ရဲလုပ်ငန်းနှင့် ဆင်တူသည်။ Preventive System  မှာ ထောင်ကျအကျဉ်းသားများကို လွတ်ရက်မစေ့မီ ကြိုတင်လွှတ်ထားခြင်းဖြစ်၏။ ယင်းစနစ်နှင့်အလွန်နီးစပ်သော ပြစ်ဒဏ်ပြန်လည်စစ်ဆေးရေးအဖွဲ့ Jail Board ဟု မြန်မာပြည်တွင် ရှိခဲ့ဖူးသေးသည်။ ခက်တာက အုတ်ရိုးအပြင်မှ လူတွေအနေနှင့်ထောင်လွတ်အကျဉ်းသားများအပေါ် ကိုယ်ချင်းစာတရား ခေါင်းပါးကြသော အလေ့အထဖြစ်သည်၊ သူတို့စိတ်ထဲတွင် ထောင်လွတ်အကျဉ်းသားဆိုသည်နှင့်ဟင်ကနဲ နှာခေါင်းရှုံ့လိုက် တတ်ကြပေသည်” လို့ ဖော်ပြထားပါတယ်။

 

ဆရာကြီး ဦးရန်အောင်မောင်မောင်တို့ခေတ်က စံပြထောင်ဆိုတဲ့ စီမံကိန်းနဲ့အကျဉ်းသားများ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခဲ့ပါသေးတယ်။ သို့သော်မအောင်မြင်ဘဲ အကြောင်းကြောင်းကြောင့် ဒုံရင်းဒုံရင်းအတိုင်း ပြန်ရောက်သွား ခဲ့ပါတယ်။နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာလည်း ဘဝသစ်စခန်းများ ဖွင့်လှစ်ပြီး လွတ်ရက်စေ့၍ စခန်းမှလွတ်မြောက်သော်လည်း အဆိုပါဒေသမှာ အခြေချနေထိုင်လိုလျှင် လယ်၊ နွား၊ လယ်လုပ်ကိရိယာများ ထုတ်ပေး တဲ့စနစ် ကျင့်သုံးခဲ့ဖူးပါတယ်။ စခန်းတွေမှာ ရဲဘက်အဖြစ် နေထိုင်စဉ်ကာလအတွင်း ပြစ်ဒဏ်ကျန်ကာလအလိုက် ခံဝန်နဲ့ ခွင့်ရက်ရှည်ပေးခဲ့တာမျိုးလည်း ရှိခဲ့ဖူးပါတယ်။

 

ကောင်းကျိုးတွေကို ရရှိမှာဖြစ်

 

အခုဒီမိုကရေစီအစိုးရလက်ထက်မှာတော့ ယခုတင်ပြတဲ့ Parole System ကို အကောင်အထည်ဖော်လိုက်ရင် အောက်ဖော်ပြပါ ကောင်းကျိုးတွေကို ရရှိမှာ ဖြစ်ပါတယ် - 

 

- အကျဉ်းထောင်များပြည့်ကျပ်မှုကို ဖြေလျှော့နိုင်မည်ဖြစ်ခြင်း၊ 

- စာရိတ္တကောင်းမွန်လာသူများကို စိစစ်ရွေးချယ်ပြီးမှ ခံစားခွင့်ပြုခြင်း ဖြစ်သဖြင့် အကျဉ်းထောင်အုပ်ချုပ်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ 

- အကျဉ်းသားများအတွက်သုံးစွဲရသည့် စားသောက်နေထိုင်ရေးစရိတ်များ သက်သာလာမည်ဖြစ်ခြင်း၊ (လက်ရှိတစ်ဦးတစ်နေ့လျှင် စားစရိတ်၁၀ဝဝိ/-နှုန်း ကျခံနေရပါတယ်) 

- အကျဉ်းထောင်များ ထပ်မံတိုးချဲ့ဆောက်လုပ်ရမည့်အရေအတွက် လျှော့ချ ခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ သက်သာလာမည်ဖြစ်ခြင်း၊

 - စာရိတ္တပြုပြင်ရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြား ပေးခြင်း၊ လုပ်ငန်းများကို Probation Officer များနှင့် VPO များမှကြီးကြပ်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နောက်ထပ်ပြစ်မှုကျူးလွန်ခြင်း Re-offending ကို လျှော့ချနိုင်မည်ဖြစ်ခြင်း၊ 

- စာရိတ္တကောင်းမွန်လာပြီဖြစ်သော လူကောင်းသူကောင်းများသည်လူ့အဖွဲ့အစည်းအတွင်း စောစီးစွာ ပြန်လည်ရောက်ရှိလာမည်ဖြစ်၍ နိုင်ငံတော်အတွက် လိုအပ်သည့်နေရာများမှာ အထောက်အကူပြု နိုင်မည်ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။

အဲဒီလိုကောင်းကျိုးတွေရရှိဖို့အတွက် နိုင်ငံတော်ကလည်း အောက်ဖော်ပြပါ လုပ်ငန်းရပ်များကို ဆောင်ရွက်ပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ် - 

- စောင့်ကြပ်ကြည့်ရှုရေးဌာန (Probation Department) ရုံးများ တည်ထောင်နိုင်ရေးနှင့် ဝန်ထမ်းများ ခန့်ထားနိုင်ရေးအတွက် လိုအပ်သော ဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ 

- အကျဉ်းသားများကို စိစစ်ရွေးချယ်ပြီး ခံဝန်ဖြင့် ကြိုတင်လွှတ်ပေးနိုင်ရေး အတွက် ဥပဒေ/နည်းဥပဒေ များရေးဆွဲခြင်း (သို့) ရှိပြီးသော ကျင့်ထုံး ဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ 

- ရေးဆွဲသောဥပဒေများတွင် ခံဝန်စိစစ်ရေးအဖွဲ့ (ဗဟိုနှင့် ဒေသဆိုင်ရာ ) များ ဖွဲ့စည်းရမည့် အချက် အလက်များ ရေးဆွဲထည့်သွင်းခြင်း၊

- ပြည်သူလူထု၏ လက်ခံမှုရရှိစေရန် အသိပညာပေးခြင်း၊ စည်းရုံးဟော ပြောခြင်း စသည်တို့ကို ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တင်ပြခဲ့တဲ့ Parole System ဟာ မြန်မာပြည်သူလူထုနားနဲ့စိမ်းနေမယ်ဆိုတာ၊ တော်ရုံတန်ရုံ လက်ခံနိုင်ဖို့ မလွယ်ကူဘူးဆိုတာ နားလည်ပါ တယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ဌာနတစ်ခု တိုးချဲ့ ဖွဲ့စည်းရမှာမို့ ဘတ်ဂျက်ကုန်ကျစရိတ်ရှိမှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ခံဝန်စိစစ်ရေးအဖွဲ့အစည်း အဆင့်ဆင့်က စနစ်တကျစိစစ်ပြီးမှ လွှတ်ပေးမယ့်စနစ်ဖြစ်လို့ စိုးရိမ်းကြောင့်ကြ စရာမလိုဘူးလို့ ထင်ပါတယ်။

 

ဒီစနစ်ဟာ ရေရှည်အတွက် ကောင်းတဲ့စနစ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားမှာ လက်ခံဆောင်ရွက် နေကြတဲ့အတွက် ယခုမလုပ်နိုင်ရင်တောင်တစ်ချိန်ချိန်တော့ လုပ်ရမှာဖြစ်ပါတယ်။ စောစောအကောင်အထည် ဖော်နိုင်လေ နိုင်ငံတော်အတွက် အကျိုးရှိမှာဖြစ်ပါတယ်။ နောင်အခါ အခွင့်အရေးရရင်တော့ ကျွန်တော် လေ့လာထားတဲ့ နိုင်ငံတကာရဲ့ ခံဝန်စိစစ်ရေးအဖွဲ့ (Parole Board) များ ဖွဲ့စည်းပုံ၊ ဆောင်ရွက်ပုံ အဆင့်ဆင့်နဲ့ ရွေးချယ်စိစစ်ပုံအမျိုးမျိုး၊ ဒီစနစ်နဲ့လွှတ်ထားသူတွေကို ပညာပေးသင်တန်းများပို့ချပေးပုံ၊ မူးယစ်ဆေးဝါးဖြတ်ပေး ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးပုံ၊ အလုပ်အကိုင်ရရှိရေး ကူညီဆောင်ရွက်ပေးပုံ၊ EM လို့ခေါ်တဲ့ အီလက်ထရွန်နစ်ခြေရာခံကိရိယာ (Electronic Monitor) အသုံးပြု၍ စောင့်ကြည့်ပုံတို့ကို ဆက်လက်ရေးသားပါ ဦးမယ်။ ယခုဆောင်းပါးက တော့ Parole System ရဲ့ “ကကြီး” “ခကွေး”လို့ သဘောထားလို့ ရပါတယ်။ ဘယ်လောက်ဝေးတဲ့ ပန်းတိုင်ဖြစ်ဖြစ် ခြေတစ်လှမ်းမလှမ်းဘဲ မရောက်နိုင်တာမို့နိုင်ငံအတွက် လူကောင်း သူကောင်းများ ပြန်လည်ရရှိလာဖို့ ခြေတစ်လှမ်း စတင်လှမ်းကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်...။ ။