နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့်အတူ ယမန်နေ့က ရန်ကုန်မျက်စိရောဂါအထူးကု ဆေးရုံကြီးသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ အတွင်းလူနာဆောင်၊ Skill Lab၊ မျက်စိ စမ်းသပ်ခန်းများ၊ စာသင်ခန်းများကို လှည့်လည်ကြည့်ရှုပြီး ပြင်ပလူနာများ နေရာကျယ်ဝန်းစွာဖြင့် စိတ်ချမ်းသာစွာ ကုသမှုခံယူနိုင်စေရေးအတွက် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ မျက်စိခွဲစိတ်ကုသမှုများ တိုးတက်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ရန်ကုန်အမျိုးသား မျက်စိဘဏ်၌ တာဝန်ခံဆရာဝန်ကြီး/ အထူးကုဆရာဝန်ကြီး (မျက်စိ) ဒေါက်တာအောင်မိုးထွန်းက အမျိုးသားမျက်စိဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မျက်ကြည်လွှာ လှူဒါန်းမှုများ တိုးတက်ရရှိစေရေး၊ မျက်ကြည်လွှာ အစားထိုးကုသမှုကို တိုးတက် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော အထူးကုဆရာဝန်၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ဝန်ထမ်းများနှင့် ပိုမိုကောင်းမွန်သည့် ခွဲစိတ်ကုသမှုပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးတို့အတွက် လိုအပ်သည်များကို ဆွေးနွေးဖြည့်ဆည်းပေးသည်။

 

ရန်ကုန်အမျိုးသားမျက်စိဘဏ်ကို ၁၉၉၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး တာမွေမြို့နယ်ရှိ ရန်ကုန်မျက်စိရောဂါအထူးကုဆေးရုံကြီး၏ အပေါ်ဆုံးထပ်တွင် တည်ရှိသည်။ မျက်ကြည်လွှာ အစားထိုး ခွဲစိတ်ကုသရာတွင် မျက်ကြည်လွှာ () ခုကို မျက်စိလူနာ (၂) ဦးနှင့်အထက် အစားထိုး ကုသမှုပေးနိုင်ပြီး ၂၀၂၃ ခုနှစ်တွင် လှူဒါန်းရရှိသော မျက်ကြည်လွှာအခု (၅၀) ကို အသုံးပြု၍ လူနာ ပေါင်း (၁၄၀) ကို မျက်ကြည်လွှာ အစားထိုးကုသမှုများ ဆောင်ရွက်နိုင်ခဲ့သည်။ အမျိုးသား မျက်စိဘဏ် - မန္တလေးကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မျက်ကြည်လွှာ လှူဒါန်းမှု (၃၁) ခုကို အသုံးပြုကာ လူနာပေါင်း (၃၆) ဦးကို အစားထိုးကုသမှုများ ဆောင်ရွက်ပေးနိုင် ခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတအထူးကုဆေးရုံသို့ သွားရောက်ပြီး သွားနှင့်ခံတွင်း‌ကုသဌာန၌ လူနာများ ကုသမှုပေးနေသည့် အခြေအနေကို ကြည့်ရှုကာ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများကို တွေ့ဆုံမှာကြား၍ လိုအပ်ချက်များ ဖြည့်ဆည်း ပေးသည်။  

 

သာကေတအထူးကုဆေးရုံတွင် သွားနှင့်ခံတွင်း ပြင်ပလူနာဌာနကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၉) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သွားနှင့်ခံတွင်းလူနာများကို ခေတ်မီစက်ကိရိယာများဖြင့် ပါမောက္ခ (သွား/ခံတွင်း) ဦးဆောင်သော အထူးကုဆရာဝန်ကြီးများက ကြည့်ရှုကုသမှုပေးလျက်ရှိသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေးဌာန၌ ပြင်ပလူနာများ၊ ဆေးဝါးများ ဖြန့်ဝေပေးနေမှုနှင့် ဆေးစတိုသို့ သွားရောက်၍ ဆေးဝါးသုံးစွဲမှု၊ သိမ်းဆည်းမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး လူနာများ ပိုမိုအဆင်ပြေစေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်

 

mdn