နေပြည်တော်၊ ဇန်နဝါရီ ၂၃

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေးခရီးစဉ် (၁/၂၀၂၄) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူသားအရင်းအမြစ်များ ဖြစ်သည့် လူငယ်များ ဒေသန္တရဗဟုသုတရရှိစေရေး၊ အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ လူငယ်များအကြား ခေတ်မီနည်းပညာများနှင့် အတွေ့အကြုံ ဗဟုသုတများ ဖလှယ်နိုင်စေရေး၊ အားကစားလှုပ်ရှားမှုများကို စိတ်ပါဝင်စားလာစေရေးတို့အတွက် ရည်ရွယ်၍ လူငယ်လေ့လာရေး ခရီးစဉ်ကို ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း (၃)ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယနေ့လူငယ်လေ့လာရေး ခရီးစဉ်တွင် တက္ကသိုလ်ကျောင်းများနှင့် ကောလိပ်များမှ ကျောင်းသား/ ကျောင်းသူ လူငယ်များ ပါဝင်သည့် လူငယ်စကားဝိုင်းနှင့် လူငယ်လေ့လာရေးခရီးစဉ်ကို စတုတ္ထအကြိမ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း။

ယခုလေ့လာရေးခရီးစဉ်သို့ လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပတ်ဝန်းကျင် အသစ်တစ်ရပ်နှင့် ထိတွေ့ရမှုကြောင့် စိတ်ကိုလန်းဆန်းစေနိုင်ပြီး ဖန်တီးမှုအား ကောင်းအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မည်ဖြစ်သည့်အတွက် လေ့လာမှတ်သားသင့်သည်တို့ကို အကျိုးရှိစွာ လေ့လာသင်ယူ မှတ်သားပြီး ယနေ့စကားဝိုင်း၏ ဆောင်ပုဒ်ဖြစ်သည့် "နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ နည်းပညာများ မျှဝေစို့" ဆိုသည့်ဆောင်ပုဒ်အတိုင်း ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်သည့်အခါ လူငယ်များအနေဖြင့် မိမိတို့စိတ်ပါဝင်စားသည့်၊ သင်ယူထားသည့် နည်းပညာများကို စကားဝိုင်းတွင် မျှဝေရင်း နိုင်ငံ့အကျိုးကို တစ်ဖက်တစ်လမ်းမှ သယ်ပိုးထမ်း ဆောင်နိုင်ကြသည့် လူငယ်မောင်မယ်များ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ "နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ နည်းပညာများမျှဝေစို့" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း အစီအစဉ်ကိုကျင်းပပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူများကို မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

mdn

ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ Fitness Dance အဖွဲ့မှ သရုပ်ပြ ကပြ ဖျော်ဖြေခြင်းနှင့် လူငယ်များစုပေါင်း Games ကစားခြင်းများ ဆောင်ရွက်ကြပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြန်မာ့အားကစား လှုပ်ရှားမှုပြခန်းများတွင် မြန်မာနိုင်ငံ၏ အစဉ်အဆက် အားကစား အောင်မြင်ခဲ့မှုများ၊ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည့် ထင်ရှားသည့် အားကစားသမားများ၏ ပုံတူရုပ်တုများကို ပြသထားသည့် ပြခန်းများအားလေ့လာခြင်းနှင့် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းအား လေ့လာခြင်းများ ပြုလုပ်သည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်